BGF ဒုတပ်ကြပ်တဦးနှင့် ရဲဘော်တဦး KNU ထံ လာရောက်ပူးပေါင်း

BGF ဒုတပ်ကြပ်တဦးနှင့် ရဲဘော်တဦး KNU ထံ လာရောက်ပူးပေါင်း
by -
စောခါးစူးညား

KNU တပ်မဟာ(၇) နယ်မြေအတွင်း လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၈)တပ်ရင်းမှ ဒုတပ်ကြပ်ဖြစ်သူ စောသောင်းထွန်းကျော်နှင့် တပ်သားဖြစ်သူ စောအောင်စိုးမင်းတို့သည် ...

KNU တပ်မဟာ(၇) နယ်မြေအတွင်း လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်-BGF (၁၀၁၈)တပ်ရင်းမှ ဒုတပ်ကြပ်ဖြစ်သူ စောသောင်းထွန်းကျော်နှင့် တပ်သားဖြစ်သူ စောအောင်စိုးမင်းတို့သည် AR သေနတ် ၂လက်၊ မက္ကစင်း ၆ချပ်၊ ကျည် တောင့် ၂၀၀နှင့်အတူ ယမန်နေ့ညနေ ၃နာရီခန့်တွင် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်ထံ လာရောက်ပူးပေါင်းခဲ့သည်။

“ကျနော်တို့ BGF လုပ်တာ နအဖ ကျွန်ခံတာပဲ။ DKBA ဆိုရင်တော့ တမျိုးပေါ့နော်။ BGF ကတော့ မလုပ်ချင်ဘူး။ ဒါ ကြောင့် ပြန်လာတာ။ ကျနော်တို့လို နောက်ပြန်လာမယ့်သူလည်း ရှိမှာပဲ။ အခု ကိုယ့်မိခင် အဖွဲ့အစည်းနဲ့ ပြန်တွေ့ခွင့် ရတာ ၀မ်းသာတယ်။ ရှေ့ဆက် KNU မှာပဲ အလုပ်ဆက်လုပ်ဖို့ ရှိတယ်။”ဟု ပြောသည်။

၎င်းတို့နှစ်ဦးအနက် စောအောင်စိုးမင်းမှာ အသက်မပြည့်သေးသည့် ကလေးစစ်သားဖြစ်ပြီး KNU အနေဖြင့် လက်ခံ၍ မရကြောင်း KNU တပ်မဟာ(၇) ဒုရုံးထိုင်မှူး ဗိုလ်ကြီးစောမျိုးမင်းသူက ကေအိုင်စီကို ပြောသည်။

သူက “အခု ကျနော်တို့ဆီ ထွက်ပြေးလာတာ တယောက်ကဆိုရင် အသက်မပြည့်သေးလို့ ကျနော်တို့ဆီမှာ လုပ်ချင် လည်း ပေးမလုပ်ဘူး။ ဒီကလေးက အရင် DKBA မှာ အတင်းအသွင်းခံရလို့ ၀င်ခဲ့တာပဲ။ ဒီကနေ အခု BGF ဖြစ်လာ တဲ့အထိ စစ်တပ်ထဲဝင်တာ ၅နှစ်ရှိပြီ။”ဟု ပြောသည်။

KNU တပ်မဟာ(၇)နယ်မြေတွင် ၂၀၁၁ ဇန်နဝါရီလအတွင်း ယခုလို ပြန်လည်ပူးပေါင်းလာသည့် BGF တပ်ဖွဲ့ဝင် ၄ဦး ရှိပြီ ဖြစ်သည်။

Most read this week