ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမကြီး ကျေးရွာသူ၊သားများ အနေဖြင့် တောင်ယာ စိုက်ခင်းသို့ သွားလိုပါက မနက်သွားညပြန် ပြုလုပ်ရန် ပြီးခဲ့သည့် အပတ်မှ စ၍ အာဏာပိုင်များက ကန့်သတ်ထား ...
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမကြီး ကျေးရွာသူ၊သားများ အနေဖြင့် တောင်ယာ စိုက်ခင်းသို့ သွားလိုပါက မနက်သွားညပြန် ပြုလုပ်ရန် ပြီးခဲ့သည့် အပတ်မှ စ၍ အာဏာပိုင်များက ကန့်သတ်ထားလိုက်ကြောင်း သိရသည်။
ထိုသို့ ညအိပ်မသွားရသည့်အတွက် ကျေးရွာအနီးရှိ တောင်ယာခင်း ပိုင်ရှင်များအတွက် ပြသာနာ မရှိသော်လည်း တောင်ယာခင်းနှင့် အလှမ်းဝေးသော ရွာသူ၊ရွာသားများအတွက် အခက်အခဲ ရှိသည်ဟု ရွာသားများက ဆိုသည်။
“တချို့ဆိုရင် ဒေါတမကြီးဆိုရင် သူ့တောင်ယာခင်းက ပွန်ချောင်းနားမှာ ရှိတာပေါ့နော်။ ပွန်ချောင်းနားမှာ ရှိတဲ့ခါကျတော့ သူသွားရင် နေ့တပိုင်းလောက် ကုန်ပြီ။ သူပြန်လာရင်လည်း နေ့တပိုင်းလောက် ကုန်ပြီလေ။ အဲမျိုးနေရာမျိုးကို သူတို့က သွားအိပ်လို့ မရဘူးဆိုတော့ လူထုက သွားတာနဲ့ ပြန်တာနဲ့ တရက် ကုန်ပြီလေ” ဟု ဒေါတမကြီးရွာသား တဦးက ပြောပြပါသည်။
ဒေါတမကြီးကျေးရွာအုပ်စုတွင် ဒေါတမကြီး၊ ဒေါညေခူ၊ ဒေါပျလော်ကလဲ၊ ဒေါသော်ကလဲ၊ ဒေါကော့၊ ဒေါတချနှင့် ဒေါဖါ စသည့် ကျေးရွာများ တည်ရှိသည်။
“ကရင်နီတပ်တွေ လှုပ်ရှားမှု အဲဒီအပေါ်မှာ မူတည်တယ်လို့ ကျနော် ထင်တယ်။ နှစ်စဉ် နှစ်တိုင်း ဒီအချိန်ရောက်ပြီဆိုရင် ကရင်နီတပ်တွေက ၀င်လာတယ်။ ၀င်လာတဲ့ခါကျတော့ သူတို့က ဒီချိန်ရောက်ပြီဆိုတော့ ကရင်နီတွေ လာနိုင်တယ်။ လာရင် အဲဒီ တောထဲမှာ ရှိတဲ့ တဲတွေမှာ ရိက္ခာ ရယူတယ်။ အဲမျိုးတွေပေါ့ သူတို့ အဲမျိုးယူဆပြီးတော့မှ သူတို့ ပိတ်တယ်လို့ ကျနော ်ထင်တယ်လေ” ဟု ကရင်နီ လူမှုကယ်ဆယ်ရေးနှင့် ဖွ့ံဖြိုးရေး ပင်မဌာနမှ ပြည်ထဲရေး ဒု-တာဝန်ခံ ဗားမားနိုင်က ပြောသည်။
ထိုနည်းအတူ လွိုင်ကော်မြောက်ပိုင်းရှိ နွားလဝိုးဂွင်မှာလည်း ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက စပြီး တောင်ယာသွားခွင့် လက်မှတ် တစောင်လျှင် ၂၀၀၀ ကျပ် ပေးဆောင်ရပြီး၊ ရှားတောဒေသတွင် တောင်ယာသွားခွင့် လက်မှတ် တစောင်လျှင် ၅၀၀ ကျပ် ပေးဆောင်ရသည်။
“နအဖကတော့ တခုခုဖြစ်တိုင်း တခုခုလုပ်တိုင်းက သူက လူထုကို ပိတ်ပင်တားမြစ်ပြီးတော့မှ သွားလာစေတာမျိုးတို့၊ တောင်ယာသွားခွင့် လက်မှတ်နဲ့ သွားတာမျိုး ဥပမာ ၂၀၀၀ ပေးတာမျိုး ၅၀၀ ပေးတာမျိုးတို့ ဆိုတာ အကြံအဖန် ရယူတာ တခုပဲလို့ ကျနော် ထင်တယ်လေ။ တရားဝင် စာရင်း၊ ဇယားနဲ့ အထက်ကို စာရင်း ဇယားနဲ့ တင်ပြပြီးတော့မှ ဒီလောက် ရပါတယ် အဲလိုမျိုး မရှိဘူး ထင်တယ်” ဟု ဗားမားနိုင်က ပြောပါသည်။
ဒေါတမကြီးအုပ်စုတွင် စကခ ( စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ်) လက်အောက်ခံ ခမရ ၂၄၇ တပ်ရင်း နေထိုင်သည်ဟု သိရသည်။



