ရှမ်းပြည်နယ် ကလောဌာနချုပ်မှ တပ်မ ၅၅ လက်အောက်ခံ စစ်အစိုးရ တပ်ရင်း ၃ ရင်း ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းသို့ ယခုလ ပထမအပတ်က စပြီး ...
ရှမ်းပြည်နယ် ကလောဌာနချုပ်မှ တပ်မ ၅၅ လက်အောက်ခံ စစ်အစိုးရ တပ်ရင်း ၃ ရင်း ကရင်နီပြည် လွိုင်ကော်မြို့နယ်အတွင်းသို့ ယခုလ ပထမအပတ်က စပြီး စစ်ဆင်ရေး ထိုးကာ စစ်ရေး လုပ်ရှားမှု ပြုလုပ်နေကြောင်း ကရင်နီ ပြည်ထဲရေး ဌာနမှတဆင့် ကြားသိရသည်။
အဆိုပါ စစ်ကြောင်းများမှာ တပ်မ ၅၅ လက်အောက်ခံ ခမရ ၅၁၂၊ ခမရ ၅၁၁နှင့် ခမရ ၅၁၇ တို့ ဖြစ်ကြပြီး ယခုအခါ လွိုင်ကော်မြို့နယ်နှင့် ရှားတော မြို့နယ်အတွင်း ကရင်နီ တပ်မတော်များ လှုပ်ရှားနေသည့် ဒေသများ၌ နယ်မြေ ရှင်းလင်းရေး ပြုလုပ်နေသည်ဟု ဆိုသည်။
“အခု စစ်ကြောင်း ထိုးလာတဲ့ အကြောင်းအရင်းက ပွန်ချောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ စစ်ပွဲနဲ့ ဆက်စပ်မှု ရှိတယ်လို့ ယူဆထားတယ်။ ဘာဖြစ်လဲဆိုတော့ အခုလာတဲ့ စစ်အကြာင်း ၃ ကြောင်းထဲက ၅၁၂ နဲ့ ၅၁၁ ဟာ ပွန်ချောင်း ဒေသတ၀ိုက်မှာ ကရင်နီ တပ်မတော်တွေကိုလိုက်လံရှာဖွေနေတယ်။ စစ်ဆေးမှုတွေ လုပ်နေတယ်” ဟု ကရင်နီ ပြည်ထဲရေးဌာနမှ ဒု-၀န်ကြီး ခူးညေးရယ်က ပြောပါသည်။
ခမရ ၅၁၇ မှာမူ ကရင်နီပြည်နယ် မောချီးနှင့် ကရင်ပြည်နယ် တော်ငူ ကားလမ်းမကြီး ဖြစ်မြောက်ရန်အတွက် နယ်မြေ ရှင်းလင်းရေးကိစ္စအား အကြောင်းပြပြီး ကရင်နီပြည်အမှတ် ၂ ခရိုင် မော်ချီးဒေသဘက်သို့ ချီတက်သွားသည်ဟု ဆိုသည်။
ကရင်နီပြည်နယ်၊ လွိုင်ကော်နှင့် ရှားတောမြို့နယ် အကြားရှိ ပွန်ချောင်းတံတား အနီးတွင် တပ်စွဲထားသော စစ်အစိုးရတပ် ခလရ ၇၂ တပ်ဖွဲ့အား ကရင်နီတပ်ရင်း ၃ နှင့် ABSDF တပ်ရင်း (၄)တို့ ပူးပေါင်းပြီး အောက်တိုဘာလ ၂၆ ရက်နေ့က သိမ်းပိုက်ခဲ့သည်။ သိမ်းပိုက်စခန်းအား မီးတင်ရှို့ပြီး တံတားအား ဖောက်ခွဲကာ ပြန်လည်ဆုတ်ခွာသွားခဲ့ကြသည်။
၎င်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၄ ဦး ကျဆုံးကာ ၄ ဦး ဖမ်းဆီးရမိပြီး လက်နက်ကြီးငယ်မျိုးစုံ ၉ လက်နှင့် ခဲယမ်းမီးကျောက်များကို ကရင်နီနှင့် ABSDF တပ်တို့မှ သိမ်းဆည်းရမိသည်။ ဖမ်းဆီးရမိသော စစ်တပ်များကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း ကရင်နီတပ်မတော်တို့က ဆိုသည်။
ABSDF ကျောင်းသားတပ်မတော်သည် စစ်အစိုးရ ရွေးဆွဲခဲ့သည့် ၂၀၀၈ ခု အခြေခံဥပဒေကို လက်မခံခဲ့သလို ပြုလုပ်ကျင်းပသွားပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း လက်မခံဘဲ ရှုတ်ချထားပြီး စစ်အစိုးရကို စစ်ရေးအရ လက်နက်ကိုင်သည့် နည်းလမ်းဖြင့် တခြားတိုင်းရင်းသား မဟာမိတ်များနှင့်အတူ လက်တွဲပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု ဆိုပါသည်။
ကရင်နီနယ်မြေတွင် ကရင်နီတပ်မတော်နှင့် စစ်ရေးအရ ပူးပေါင်းလုပ်ရှားမှုနှင့် ပတ်သက်ပြီး ABSDF ကျောင်းသားတပ်မတော် တပ်ရင်း (၄)မှ ဒု တပ်ရင်းမှူး ကိုတင်မောင်ထွန်းက ယခုလို ပြောပါသည်။
“ကျနော်တို့ တပ် အနေနဲ့ ပုံမှန်လှုပ်ရှားနေတာ ရှိပါတယ်။ နိုင်ရင် နိုင်သလောက်ပေါ့နော်။ ကျနော်တို့ တပ်ဖွဲ့တွေ ကရင်နီတပ်တွေနဲ့ တွဲပြီး လှုပ်ရှားနေတာ ရှိပါတယ်။ အခုလဲ ရှေ့တန်းနယ်မြေမှာ လုပ်ရှားနေကြပါတယ်။”
ကရင်နီပြည်တွင် ၂၀၁၀ ခုနှစ်အတွင်း ပုံမှန်လုပ်ရှားနေသည့် ဒကစ လက်အောက်ခံတပ်ရင်း ၁၄ ရင်း ရှိပြီး ၎င်းတို့မှာ ခလရ ၅၄၊ ၇၂၊ ၅၃၁၊ ၄၂၈၊ ၄၂၉၊ ၄၃၀၊ ၁၃၄၊ ၁၃၅၊၂၅၀၊၂၆၁၊ ၁၀၂၊ ၅၃၀၊ နှင့် ခမရ ၃၃၇၊ ၄၂၇ တို့ ဖြစ်သည်။



