ဂီရိကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယူအန် အစီရင်ခံစာတွင် ဖေါ်ပြ

ဂီရိကြောင့် ရခိုင်တွင် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယူအန် အစီရင်ခံစာတွင် ဖေါ်ပြ
by -
ထွန်းထွန်း

အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိကြောင့် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယမန်နေ့က ထုတ်ပြန်သော ယူအန်အစီရင်ခံစာတွင် ဖေါ်ပြ ...

အောက်တိုဘာလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော ဂီရိကြောင့် အိမ်ခြေပေါင်း ၇၀၉၇၅ ပျက်စီးပြီး လူပေါင်း ၂ သိန်းကျော် ဒုက္ခရောက်နေကြောင်း ယမန်နေ့က ထုတ်ပြန်သော ယူအန်အစီရင်ခံစာတွင် ဖေါ်ပြသည်။

နေစရာ အိမ်မကျန်လိုက်သော ကျေးရွာများ မြင်ကွင်းမုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံး ခံလိုက်ရသည့် မြို့နယ်များမှာ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူ၊ မင်းပြားမြို့နယ်တို့ ဖြစ်ကြောင်းနှင့် အဆိုပါ မြို့နယ် ၄ ခုထဲတွင် အပျက်အစီး အများဆုံးဒေသမှာ ကျွန်းသာယာ (မြေပုံ)နှင့် ဖရုံကာကျွန်း (ပေါက်တော) ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

စစ်အစိုးရဘက်မှ ထုတ်ပြန်ချက်ကို ကိုးကားပြီး သေဆုံးသူ ၄၅ ဦး၊ ပျောက်ဆုံး ၁၀ ဦးနှင့် ဒဏ်ရာရသူ ၄၉ ဦး ဖြစ်ကြောင်း ဖေါ်ပြရေးသားသည်။

၎င်းပြင် ခန့်မှန်းခြေအရ စိုက်ပျိုးနေသော လယ်မြေ ဧကပေါင်း ၁၇၅၀၀ မှာ လုံးဝပျက်စီးခဲ့ပြီး အခြေခံ မူလတန်း ကျောင်းပေါင်း ၂၇၉ လုံးနှင့် အလယ်တန်း ကျောင်းပေါင်း ၂၄ လုံး၊ အထက်တန်းကျောင်း ပေါင်း ၁၅ လုံးမှာ ပျက်စီးသွားကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖေါ်ပြသည်။

ယူအန်နှင့် အစိုးရ အဖွဲ့အစည်းတွေမှ လေဘေး အကူအညီများ ဖြန့်ဝေပေးနေသော်လည်း ထိုဒေသတွင် ဖြန့်ဝေနေသော ကယ်ဆယ်ရေး ပစ္စည်းများ ဖြစ်သည့် အစားအစာ၊ ရေသန့်၊ ဆေးဝါး၊ ရေဘေး ဒုက္ခသည်များ ကျန်းမာရေးနှင့် အခြေအနေ အရပ်ရပ်ကို အနီးကပ် စောင့်ကြပ်ပေးရန် အကြီးအကျယ် လိုအပ်နေကြောင်းလည်း ဖေါ်ပြထားသည်။

အောက်တိုဘာ ၂၉ ရက်နေ့က wfp အဖွဲ့မှ ဆန်အိပ်ပေါင်း ၅၄၀ လုံးကို မြို့နယ် လေးခုမှ အိမ်ခြေပေါင်း ၁၁၀၅၀ ကို တလအတွက် ဖြန့်ဝေပေးနိုင်ခဲ့သည်ဟု ဆိုသည်။

အောက်တိုဘာလ ၂၈/၂၉ ရက်နေ့က စစ်တွေမြို့ရှိ အစိုးရ အရာရှိများနှင့် အင်ဂျီအို အဖွဲ့များ ဖြစ်သည့် RC/HC, UNHCR, UNDP and OCHA မှ ကိုယ်စားလှယ်များနှင့် UN, INGO/NGO တွေ့ဆုံဆွေးနွေးချက်အရ ၂၉ ရက်နေ့က ယူအန်မှ တချို့ကိုယ်စားလှယ်များ ပေါက်တောမြို့နယ်သို့ သွားရောက်ကြည့်ရှုခဲ့သည်ဟု ဆိုသည်။

မုန်တိုင်း ကျရောက်ခဲ့သည့် တချို့နေရာများသို့ အလှူပစ္စည်းများ သယ်ယူပို့ဆောင်ရန် လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးနေသဖြင့် အခက်အခဲများ ရှိနေကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။