နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲသည် နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ဖြစ်၍ ကရင်နီပြည်တွင်းရှိ လူငယ်များက ရွေးကောက်ပွဲ၏ အတွေ့အကြုံ သိရှိလိုကြ၍ မဲထည့်ချင်ကြ.....
နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲသည် နှစ်ပေါင်းနှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ဖြစ်၍ ကရင်နီပြည်တွင်းရှိ လူငယ်များက ရွေးကောက်ပွဲ၏ အတွေ့အကြုံ သိရှိလိုကြ၍ မဲထည့်ချင်ကြသည်ဟု ပြောဆိုကြပါသည်။
ရွေးကောက်ပွဲကို စိတ်ဝင်စားသော လွိုင်ကော်မြို့ပေါ်မှ ဒေသခံလူငယ် တဦးက “ရွေးကောက်ပွဲကို မကြုံဖူးတော့ မဲထည့်ပြီး ဘာပဲ ဖြစ်ဖြစ် အတွေ့အကြုံ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်မယ်” ဟု ပြောသည်။
ဒီးမော့ဆိုမြို့နယ်မှ လူငယ်တယောက်ကလည်း “ကျနော်က စိတ်ဝင်စားတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီရွေးကောက်ပွဲမျိုးက မကြုံ ဖူးတော့ ကျနော်တော့ သိချင်တယ်။ နောက်နောင်အတွက် ပညာဗဟုသုတပေါ့ ရလိုရညား” ဟု ပြောသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကရင်နီပြည်နယ်အတွင်း နေထိုင်သော လူငယ်အနည်းစု အချို့သည် မိမိ၏ မဲဆန္ဒကို ထည့်ခြင်း၊ မထည့်ခြင်းထက် ဤရွေးကောက်ပွဲသည် နှောင်လာမည့် အနာဂတ်တွင် လူငယ်များအတွက် လေ့လာသင်ယူမှတ်သားထားရန် လိုအပ်သည်ဟု ကရင်နီလူငယ် တဦးက ပြောသည်။
၎င်းက “ဒီရွေးကောက်ပွဲဟာ ပါတီစုံတိုင်းနဲ့ ဒီမိုကရေစီနည်းလမ်း ကျတယ်လို့ မပြောနိုင်ဘူး။ ပြည်သူကနေ ဆင်းသက်လာတဲ့ အုပ်ချူပ်မှု မဟုတ်ဘူး။ ဒီမိုကရေစီ နည်းလမ်း မကျဘူးဆိုပြီးတော့လည်း ဒီအတိုင်း မနေနိုင်ဘူး။ ဒီရွေးကောက်ပွဲမှာ ကိုယ့်ဒေသ ကိုယ့်ပြည်နယ်မှာ ဘယ်လိုလုပ်သလဲ။ ပြည်သူတွေကကော ဘာတွေနားလည်ကြသလဲ။ သိထားဖို့ ရှိကို ရှိနေရမယ်” ဟု ဆက်ပြောသည်။
မဲပြားပေါ်တွင် ခြစ်သည့် အမှတ်အသားများ မှားလျှင် ၎င်းမဲသည် ပယ်မဲ ဖြစ်သွားမည့်အပြင် ၂၀၀၈ ဆန္ဒမဲ ခံယူပွဲတွင်လည်း ပြည်သူ လူထု အများစုမှ မဲမထည့်ရဘဲ ရပ်ကွက်ဥက္ကဌဖြင့်သာ ပြီးဆုံးသွား၍ ယခု ရွေးကောက်ပွဲတွင်လည်း ဒေသခံများ အနေဖြင့် မဲမည်သို့ ထည့်ကြမည် ကို မြင်ယောင်ပြီး စိတ်လှုပ်ရှားသည်ဟု လွိုင်ကော်ဒေသခံ လူရယ်သာမှ ပြောပါသည်။
၎င်းက “နိုင်ငံသားတဦး အနေနဲ့ မဲထည့်သင့်တယ်။ ဒါမှသာ ကျနော်တို့ရဲ့ ရွေးကောက်ပွဲက ဒီမိုကရေစီ ဆန်မှာလေ။ ဒါပေမယ့် မဲကို ဘယ်လိုထည့်ရမယ်ဆိုတာ လူအများကြီးက သိမှာ မဟုတ်ဘူး” ဟု ပြောသည်။
ရွေးကောက်ပွဲသည် နိုင်ငံတစ်နိုင်ငံ၏ အသက်သွေးကြော ဖြစ်သလို လူငယ်များအတွက်လည်း ပါတီ အဖွဲ့အစည်းများက ဘာကို၊ ဘယ်က၊ ဘယ်လိုအချိန်မှာ ဘယ်လိုစရမည် အစရှိသည့် လုပ်ငန်းစဉ်များကို လေ့လာထားရှိရန် အရေးကြီးဆုံး အတွေ့အကြုံ ယူထားခြင်း ဖြစ်သည်ဟု နိုင်ငံရေးတွင် စိတ်ပါဝင်စားသော လူငယ်ခေါင်းဆောင် တဦးက ပြောသွားပါသည်။



