မွန်ပါတီ ရှိခြင်းအားဖြင့် မွန်ပြည်သူများက ပြောရေး ဆိုရေးရဲလာသည်ဟု ပါတီဥက္ကဋ္ဌပြော

မွန်ပါတီ ရှိခြင်းအားဖြင့် မွန်ပြည်သူများက ပြောရေး ဆိုရေးရဲလာသည်ဟု ပါတီဥက္ကဋ္ဌပြော
by -
မင်းအာသံ

လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသား အများစုက မွန်ပါတီ၏ စည်းရုံးရေး အားကောင်းမှုကြောင့် ၎င်းတို့က နိုင်ငံရေး၏ အရေးကို ပိုမိုစိတ်ဝင်စားလာကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌက ပြော.....

လာမည့် ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ်အတွင်းရှိ မွန်တိုင်းရင်းသား အများစုက မွန်ပါတီ၏ စည်းရုံးရေး အားကောင်းမှုကြောင့် ၎င်းတို့က နိုင်ငံရေး၏ အရေးကို ပိုမိုစိတ်ဝင်စားလာကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌက ပြောသည်။

မွန်ပြည်သူ ကိုယ်စားပြုသော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စည်းရုံးရေး ဆင်းခဲ့သည့် ကာလတလျှောက်မှာ ပြည်သူများက ကြောက်ရွံ့မှု မရှိပဲ ကောင်းကောင်းမွန်မွန် ကြိုဆိုနေသည်ကို တွေ့ရသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်း (နိုင်ဇနူမွန်)က ပြောကြားသည်။
junnu
“စည်းရုံးရေး ဆင်းပြီးတဲ့ ကာလနှင့် မဆင်းရသေးတဲ့ ကာလ တော်တော်လေးကို ကွာခြားမှု ရှိတယ်။ မွန်ဒေသမှာ ရှိတဲ့ မွန်ပြည်သူ အများစုဟာ ကျနော်တို့ ပါတီ ကိုလည်း အားပေးတယ်။ ဗဟိုမှာ မစုရသေးတဲ့ စရင်းအတိုင်းဆို ပါတီအဖွဲ့ဝင် တွေ သောင်းကျော်နေပြီ၊ နောက်ပြီး ပြည်သူတွေက နိုင်ငံရဲ့ အရေးကို လုပ်တာ ရယ်။ ပြောရေးဆိုရေးမှာရယ် သိပ်မကြောက်တော့ဘူး၊ ဒါဟာ ပါတီရဲ့ ကြီးကြီး ကျယ်ကျယ် အားရမှု တရပ်ပါပဲ” ဟု ဥက္ကဋ္ဌက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် လာမည့် နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၄ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး အကယ်၍ မဲနိုင်ခဲ့လျှင် မွန်ပြည်သူများအတွက် ရသင့်ရထိုက်သည့် အခွင့်ရေးကို တောင်းဆိုသွားမည်ဟု အဆိုပါ ပါတီ ဥက္ကဋ္ဌက ဆက်ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ခုနှစ် ဧပြီလ (ရ) ရက်နေ့တွင် အငြိမ်းစား အစိုးရဝန်ထမ်းများ၊ တတ်သိပညာရှင်များ၊ မွန်အမျိုးသား ဒီမိုကရေစီပါတီဝင် အချို့နှင့် မွန်ပြည်သစ်ပါတီမှ အနားယူထားသည့် ပါတီဝင်အချို့နှင့် စတင်ဖွဲ့စည်းခဲ့ပြီး မေလ ၄ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်မှ နိုင်ငံရေးပါတီ တည်ထောင်ခွင့် ပြုလိုက်သည်။

ပါတီ၏ စည်းရုံးရေး ကာလတလျှောက်မှာ မြို့နယ်ပေါင်းစုံမှ အတည်မပြုရသေးသည့် စာရင်းအရ ပါတီအဖွဲ့ဝင်အင်အား တစ်သောင်းကျော်ကျော် ရှိသည်ဟု ပါတီဥက္ကဋ္ဌက ဆက်ပြောသည်။

သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲမှာ မွန်ပြည်သူကိုယ်စားပြု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ဝင်ရောက်ယှဉ်ပြိုင်သွားရန် ရှိသော်လည်း အချို့သော မွန်အဖွဲ့အစည်းများက ရွေးကောက်ပွဲ မဝင်ရန် မတားဆီးသလို အချို့သော အဖွဲ့အစည်းများက “မတားမြစ်သလို အားမပေးတာ” လည်း ရှိသည်။

မွန်အမျိုးသားဆိုင်ရာ တပ်ပေါင်းစုမှ အထွေအထွေအတွင်းရေးမှူး နိုင်လရီရွတ်ကလည်း “ဒို့အနေနဲ့ မွန်နိုင်ငံရေးအသစ်နဲ့ ပတ်သက်ပြီး အားလည်း မပေးဘူး၊ ဆန့်လဲ မဆန့်ကျင်ဘူး၊ ဒါပေမဲ့ ပြည်သူလူထုတွေ ဘယ်လိုထောက်ခံနိုင်မယ် ဆိုတာကို သူတို့ အပေါ်မှာ ရပ်တည်တယ်၊ ဒီ ၂၀၁၀ ရွေးကောက်ပွဲမှာ ဒို့မွန်အမျိုးသားကိုယ်စား ဝင်ပြိုင်မည့် ပါတီဆိုရင် သူတို့ ပါတီနဲ့ သူတို့ ပြိုင်တာ ဒို့အားမပေးဘူး ဒို့လည်း မဆန့်ကျင်ဘူး။”

ထိုနည်းတူ တိုးတက်သော မွန်လူငယ်အဖွဲ့မှ ဥက္ကဋ္ဌ မိအိုင်းစွန်းကလည်း “ကျမတို့ အဖွဲ့အစည်းအမြင် ပြောရမယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားတဲ့အတွက် ရွေးကောက်ပွဲကို မဝင်စေချင်ဘူးလို့ ပြောချင်တယ်။ ပါလဲ မပါစေချင်ဘူး၊ အကျိုး မရှိဘူးဆိုတာ သိတယ်။ မွန်ပါတီအတွက်ရော အခြားပါတီအတွက်ပါ သူတို့ရဲ့ စည်းရုံးရေးခရီးစဉ်မှာ လွတ်လွတ်လပ်လပ် ပြောဆိုစည်းရုံးခွင့် ဘာမှ မရှိဘူး” ဟု ပြောသွားသည်။

လာမည့် ရွေးကောက်ပွဲမှာ ပြည်ထောင်ကြံ့ခိုင်းရေး ပါတီမှ လွဲ၍ အခြားသော နိုင်ငံရေးပါတီများ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တင်းကြပ် သော ဥပဒေကြောင့် စည်းရုံးရေး ဆင်းရာတွင် အခက်အခဲများစွာ တွေ့ကြုံနေရသည်။ ထိုအပြင် ပါတီရန်ပုံငွေ အခက်အခဲနှင့် လွှတ်တော် ကိုယ်စားလှယ် စာရင်းများကို အချိန်တိုတိုအတွင်း ရွေးကောက်ပွဲကော်မရှင်ထံ တင်သွင်းရသောကြောင့် လိုအပ်သော ကိုယ်စားလှယ် အရေတွက် မတင်ပြနိုင်သော အခက်အခဲများနှင့်လည်း ရင်ဆိုင်နေရသည်။