ရတနာပုံအမှား လူထုအကြား ရေပန်းစား

ရတနာပုံအမှား လူထုအကြား ရေပန်းစား
by -
ဖနိဒါ
စစ်အစိုးရအာဘော်သတင်းစာ တခုဖြစ်သော မန္တလေးထုတ် ရတနာပုံ သတင်းစာ၏ နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် စာစောင်တွင် ပါရှိသော ဝါဒဖြန့်ကြွေးကြော်သံက စာဖတ်သူများ ...

မဇ္ဈိမ(ချင်းမိုင်) ။     ။စစ်အစိုးရအာဘော်သတင်းစာ တခုဖြစ်သော မန္တလေးထုတ် ရတနာပုံ သတင်းစာ၏ နိုဝင်ဘာ ၁၃ ရက်နေ့ထုတ် စာစောင်တွင် ပါရှိသော ဝါဒဖြန့်ကြွေးကြော်သံက စာဖတ်သူများအကြား လူပြောအများဆုံး ဖြစ်သွားခဲ့သည်။

//bigbbrown.blogspot.com မှယူထားသည်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူထုတ်ဝေသော သတင်းစာတွင် ပုံမှန်အားဖြင့် ပါရှိသော” ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင်” ဟူသော စာသားအစား ထိုနေ့က ” ဆူပူမှုဖြင့် ဒီမိုကရေစီ” ရနိုင်ဟု ပါရှိခဲ့၍ ဖြစ်သည်။ သတင်းစာ၏ စာတည်းမှူးချုပ်သည် ဗိုလ်မှူးမင်းကြိုင် ဖြစ်သည်။

“လူတွေ တော်တော်များများ စိတ်ဝင်စားကြတာပေါ့ဗျာ။ လူတန်းစားပေါင်းစုံ၊ ဒါက ဟာသလိုလို၊ အံ့သြကြတာပေါ့။ တယောက်နဲ့တယောက် လက်တို့ကြတယ် ဖတ်ပြီးပြီလား။ မဖတ်တဲ့လူကလဲ ပါးစပ်နဲ့ ပြောပြ၊ မဖတ်သေးဘူးလားဆိုပြီး ဒီလို အစိုးရသတင်းစာကြီး မှားသွားတယ်ဆိုတော့” ဟု မန္တလေးမြို့မှ ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များ၏ လှုပ်ရှားမှုကို စောင့်ကြည့်လေ့ရှိသော စီးပွားရေးနှင့် နိုင်ငံရေး အသိုင်းအဝိုင်းက ရတနာပုံ၏ ပရိတ်သတ်များ ဖြစ်သည်။

“အများအားဖြင့် လုပ်ငန်းရှင်တွေက ကြော်ငြာတွေ သုံးတယ်။ စီးပွားရေးသမားတွေ ဖတ်တာ များတယ်။ သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်တွေရဲ့ ဖွံ့ဖြိုးရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု စတဲ့ သတင်းတွေ ဖော်ပြတယ်” ဟု နယ်ခံသတင်းထောက်တဦးက ပြောသည်။

ထိုမှားယွင်းဖော်ပြမှုကြောင့်  တာဝန်ရှိသူအချို့ကို အလုပ်ထုတ်ခဲ့သည်ဟု အရပ်သားများအကြား ပြောဆိုနေကြသော်လည်း သတင်းစာတိုက် ကြော်ငြာတာဝန်ခံ ဗိုလ်ကြီးသန်းအောင်ကတော့ ” မရှိပါဘူးဗျာ။ သတင်းပုံမှန်ထုတ်ပါတယ်” ဟု မဇ္ဈိမ သို့ ပြောသည်။

ရတနာပုံတွင် ပုံမှန်အားဖြင့် စစ်အစိုးရ ခေါင်းဆောင်များ၏ လုပ်ဆောင်ချက်များ၊ အထက် မြန်မာပြည်ဆိုင်ရာ သတင်းများကို ဦးစားပေး ဖော်ပြသည်။

အစိုးရသတင်းစာများတွင် လူပြောများဖွယ် နိုင်ငံရေးနှင့် ဆက်စပ်သော မှားယွင်းမှု (သို့မဟုတ်) အာဏာပိုင်များကို ထိခိုက်စေသော မှားယွင်းမှုများ ယခင်ကလည်း ဖြစ်ခဲ့ဖူးသည်။

နေပြည်တော်တွင် အောက်တိုဘာလက ကျင်းပခဲ့သော ၁၇ ကြိမ်မြောက် ဆိုကရေးတီး သတင်းလွှာတွင် စစ်ကိုင်းတိုင်းကိုယ်စားပြု ပြဇာတ်အဖွဲ့၏ ‘စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်’ ပေါ်ထွန်းလာရေးဖော်ညွှန်းသည့် ပြဇာတ်အမည်အား “သားကောင်း ရတနာ” အစား “သားကောင်း ရတာနာ” ဟုပါရှိခဲ့သည်။

၁၉၉၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်ထုတ် ကြေးမုံသတင်းစုတွင်ပါရှိသော အမှားကတော့ အသက်ဆုံးရှုံးမှုပင် ဖြစ်ခဲ့သည်။

ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ပုံ အထက်တွင် “ကမ္ဘာကျော် လူလိမ်ကြီးများ” ဟူသည့် စာတန်းတခု ပါရှိခဲ့သဖြင့် သတင်းစာတိုက်မှ တာဝန်ရှိသူ ဦးလှဟန်နှင့် ဦးသာဝင်းတို့အား ထောက်လှမ်းရေးက ဖမ်းဆီးခဲ့သည်။ စစ်ကြေးရေးစခန်း၌ ရိုက်နှက်ခံရရာက သူတို့ ကွယ်လွန်သွားခဲ့သည်။

(ကိုဝိုင်းတည်းဖြတ်သည်။)