မိန်းမလှကျွန်း ပြန်လည် ထူထောင်ရန် အခက်တွေ့

မိန်းမလှကျွန်း ပြန်လည် ထူထောင်ရန် အခက်တွေ့
by -
မေကျော်
နာဂစ်ဒဏ်သင့် ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် အတွင်းရှိ ဧက ၃၄ဝဝဝ ကျယ်ဝန်းသည့် မိန်းမလှကျွန်း သစ်တော ကြိုးဝိုင်းကို ငွေကြေး အခက်အခဲကြောင့် ပြန်လည် ထူထောင်ရန် အခက်အခဲ ဖြစ်နေ ...

 
မဇ္စျိမ (ချင်းမိုင်)။     ။ နာဂစ်ဒဏ်သင့် ဧရာဝတီတိုင်း ဘိုကလေး မြို့နယ် အတွင်းရှိ ဧက ၃၄ဝဝဝ ကျယ်ဝန်းသည့် မိန်းမလှကျွန်း သစ်တော ကြိုးဝိုင်းကို ငွေကြေး အခက်အခဲကြောင့် ပြန်လည် ထူထောင်ရန် အခက်အခဲ ဖြစ်နေသည်။
 
ဒီရေတောပင်များ ပြန်လည်စိုက်ပျိုးရန်အပြင် အနီးအနား ကျေးရွာများကို မုန်တိုင်းဒဏ်ခံ အဆောက်အအုံများ ဆောက်လုပ်ပေးခြင်းနှင့် သက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖန်တီးပေးရန်အတွက် လုံလောက်သော ငွေကြေးထောက်ပံ့မှု မရရှိခြင်းကြောင့် အခက်အခဲ ကြံုတွေ့နေခြင်းဖြစ်သည်။
 
“ဗြုန်းမွှေးကျွန်းမှာ ဧက ၁ဝဝ စိုက်ပြီးပြီ။ နောက်ထပ် ဂျပန်က ကျနော့်မိတ်ဆွေတွေက ဒေါ်လာ ၁၂ဝဝဝ လှူထားတာနဲ့ နောက်ထပ် ဧက ၁၀၀ ထပ်စိုက်ဖို့ လုပ်နေပြီ။ ဒါပေမယ့် ဧက ၃၄ဝဝဝ ရှိတဲ့ မိန်းမလှကျွန်းတော့ ကျနော်တို့ လုပ်ဖို့ မတတ််နိုင်သေးပါဘူး” ဟု မိန်းမလှကျွန်း ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေသည့် သစ်တော သယံဇာတ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အသင်း FREDA ၏ အထွေထွေအတွင်းရေးမှူး ဦးအုန်းက မဇ္စျိမသို့ပြောသည်။
 
နာဂစ်ဒဏ်သင့် ယင်းမိန်းမလှကျွန်း ပြန်လည်ထူထောင်ရေးကို မြန်မာအဖွဲ့ဖြစ်သော FREDA အပါအဝင် နိုင်ငံတကာ NGO များဖြစ်သည့် ATTACK နှင့်Biodiversity and Nature Conservation Association (BANCA) တို့က ကြိုးစားနေကြခြင်းဖြစ်သည်။
 
“ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေး မြို့နယ်မှာ ရှိတဲ့ မိန်းမလှကျွန်းက Wild Life Area အတော်ကို ပျက်ဆီးသွားပါတယ်။ အဲဒီနား တဝိုက်က ဗြုန်းမွှေးကျွန်းတို့ ဦးရှင်ကြီးကျွန်းတို့ ပေါ့လေ။ အဲဒါတွေကို Core Area ထားပြီး Surrounding Area မှာရှိတဲ့ ရွာတွေကိုလည်း ကျနော်တို့ လုပ်ရမှာပါ။ သူတို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ လုံခြံုရေး၊ သစ်တော စိုက်ပျိုးရေး၊ သူတို့လိုအပ်တဲ့ သစ်တောထွက်ပစ္စည်းတွေလဲ ကျနော်တို့ လုပ်ပေးရမယ်” ဟု ဦးအုန်းက ဆက်ပြောသည်။
 
မိန်းမလှကျွန်း အပါအဝင် အနီးအနားမှ ကျေးရွာ ၂၅ ရွာ ပြန်လည် ထူထောင်ရေး စီမံကိန်း ရန်ပုံငွေ ယူရိုဒေါ်လာ ရသိန်းခွဲ ရရှိရေးအတွက် ယခုနှစ် မေလက နိုင်ငံခြားအကူအညီတောင်းခံခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ဖြစ်ခဲ့ရသည်။
 
ဧက ၃၄၀၀၀ ကျယ်ဝန်းသော မိန်းမလှကျွန်းကို မှီခိုနေထိုင်သည့် ကျေးရွာ ၃၅ ရွာခန့်အနက် ကျေးရွာ ၂၅ ရွာခန့်မှာ အကူညီလိုအပ်လှသည်။
 
လက်ရှိအနေအထားတွင် FREDA အနေဖြင့် မိန်းမလှကျွန်း အနီးအနား ထော်ပိုင်ကျေးရွာ၊ ကျွန်းညိုကြီး၊ ဗြုန်းမွှေးကျွန်းတို့၌သာ ပြန်လည် ထူထောင်ရေးလုပ်ငန်း အနည်းငယ် လုပ်ကိုင် နိုင်သေးသည်။

Most read this week