လက်ပံတောင်း ပဋိပက္ခတွင် မီးလောင်ခံရသည့် သံဃာတော်များက ပြည်ထဲရေးဝန်ကြီးကို တရားစွဲခွင့် မရ၍ စာချွန်လွှာ တင်မည်

လက်ပံတောင်း ပဋိပက္ခတွင် မီးလောင်ခံရသည့် သံဃာတော်များက ပြည်ထဲရေးဝန်ကြီးကို တရားစွဲခွင့် မရ၍ စာချွန်လွှာ တင်မည်
by -
မဇ္ဈိမ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြသည့် သပိတ်စခန်းကို ဗုံးဖြင့် ဖြိုခွင်းခြင်းကြောင့် မီးလောင်ခံခဲ့ရသည့် သံဃာတော်များက ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် ကိုကိုအား တရားစွဲဆိုခွင့်မရ၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်လွှာတင်မည်ဟု အဆိုပါ အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးသိန်းသန်းဦးက မတ် ၂၆ရက်က မဇ္စျိမကို ပြောသည်။

ဦးသိန်းသန်းဦးက ”ပြည်ထဲရေးဝန်ကြီးက ၀န်ထမ်းဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်ချိန်မှာ တာဝန်ကိုလုပ်ဆောင်တာ မို့လို့ သူတို့မှာပြုလုပ်ခွင့်ရှိတယ်ဆိုပြီး တရားစွဲခွင့်မပေးတာ။ ဒီတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို အာဏာပေး စာချွန်လွှာတက်မယ်။ ဆရာတော် ဦးတိက္ခဉာဏ (မီးလောင်ခံရသည့် ဆရာတော်) နယူးရော့ခ်က ပြန်လာမယ့်ချိန် သင်္ကြန်အပြီးလောက်ဖြစ်မယ်”ဟုဆိုသည်။

၂၀၁၂ခုနှစ် နို၀င်ဘာလအတွင်းက လက်ပံတောင်း ကြေးနီးစီမံကိန်းကို ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် သံဃာတော်များကို ရဲတပ်ဖွဲ့ဝင်များက ဖြိုခွဲခဲ့ရာ သံဃာတော်များ မီးလောင်ဒဏ်ရာများ ရခဲ့ခြင်းဖြစ်ပြီး နှစ်နှစ်ကျော်အကြာတွင် တရားစွဲဆိုရန် ပြင်ဆင်ခဲ့သော်လည်း တရားစွဲခွင့်မရ၍ နိုင်ငံသားအခွင့်အရေးဖြစ်သည့် အမှုခေါ် စာချွန်တော်တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

၁၉၈၀တွင် မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့သည့် ဂျီနီဖာသဘောတူညီချက် အမှတ် ၃တွင် ပါရှိသည့် ဇီဝိန်ခြွေလက်နက်များသုံးစွဲမှုဆိုသော အချက်ဖြင့် ချိန်ဆကြည့်ပါက လူသားမျိုးနွယ်တုံးစေရန် လုပ်ဆောင်ချက်မျိုး ဖြစ်နေကြောင်း အဆိုုပါလုပ်ဆောင်ချက်ကို အပြစ်ရှိ မရှိနှင့် အမှန်တကယ် မီးလောင်ဗုံး သုံးစွဲခဲ့မှု ရှိ မရှိကို တရားရုံးက ဆုံးဖြတ်ချက်ရမည်ဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၅၇(ခ) အရ အစိုးရအမည်ဖြင့် တရားစွဲဆိုခွင့် ရှိရမည်ဖြစ်သည်။

လက်ပံတောင်း ဆန္ဒပြမှု ဖြိုခွင်းမှုတွင် သံဃာတော်အပါး ၁၀၀ကျော် ဆေးရုံတင်ခဲ့ရပြီး ၅၇ပါးမှာ
ဆိုးရွားသော မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးအတွက် အခြေပြု လှုပ်ရှားသည့် Justice Ttust က ထုတ်ပြန်သည့် ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။

Most read this week