မိုင်းလား ဒေသသို့ ဝင်မည့် ကုန်စည်များ အစိုးရ ဒေသခံ အဏာပိုင်များ ပိတ်ထား

မိုင်းလား ဒေသသို့ ဝင်မည့် ကုန်စည်များ အစိုးရ ဒေသခံ အဏာပိုင်များ ပိတ်ထား
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယု၊ မိုင်းယန်း မြို့နယ်မှတဆင့် အထူး ဒေသ ၄ မိုင်းလား ဘက်သို့ သွားမည့် ကုန်စည်များ အားလုံး မြန်မာအစိုးရ အာဏာပိုင်ဘက်က ပိတ်ထားသည်မှာ တစ်လ  ကျော်ပြီဟု ဒေသခံများက ဆိုသည်။

၂၀၁၅  ဖေဖေါ်ဝါရီ ၁၃ရက်နေ့မှ စ၍ ယနေ့အထိ ကျိုင်းတုံ-မိုင်းလားလမ်း၊ ကျိုင်းတုံ-မိုင်းယန်း-မိုင်းဖျဉ်-ဟိုတောဝ်းလမ်း၊ မိုင်းယောင်း- မိုင်းယု-နမ့်ပန်း လမ်းကြောင်းမှ သွားမည့် ဆန်၊ ဆီ၊ ဆား၊ ပြောင်းနှင့် အခြားထိုင်းနိုင်ငံမှ ဝင်လာသည့် ကုန်စည်များ အားလုံးအား မြန်မာအာဏာပိုင်များက တာ့ပင်းတံတားတွင်လည်းကောင်း၊ မိုင်းယုတွင် လည်းကောင်း၊ မိုင်းယန်းတွင်လည်းကောင်း ထိန်းချုပ်ထားသည်။

001-car to Monglar

“ပိတ်ထားတဲ့အတွက် ဆန်ထွက် အများဆုံးဖြစ်တဲ့ မိုင်းယောင်းဒေသခံတွေက ဆန်နဲ့ အခြားဒေသထွက် ပဲ၊ ပြောင်းတွေ တရုတ်ကို တင်ပို့ရောင်းချဖို့ အခက်အခဲကြုံတွေ့နေရပါတယ်။ ဖေဖေါ်ဝါရီ ၁၃ရက်ကနေ စတင်ပိတ်ပင်တားမြစ်ထားတာ ခုဆို တစ်လကျော်ပြီ” ဟု မိုင်းယောင်း ဒေသခံ စိုင်းနွမ်တိက ပြောသည်။

နမ့်ပန်းမြို့နေ မိုင်းလားအရာရှိတစ်ဦးက မြန်မာအာဏာပိုင်များ ယခုကဲ့သို့ ကုန်စည်များ ပိတ်ပင်ထားရခြင်း အကြောင်းရင်းကိုု နားမလည်ကြောင်း၊ သို့သော် ထိုသို့ပိတ်ဆို့မှုကြောင့် ထိခိုက်မှုမရှိကြောင်း ပြောသည်။

“မိုင်းလားတပ်ဖွဲ့ကို ထိခိုက်နစ်နာစေတာ၊ အခက်အခဲ ကြုံတွေ့စေတာ ဘာတစ်ခုမှ မရှိဘူး။ မိုင်းလားဒေသအတွင်း ထွက်တဲ့ ဆန်နဲ့ တခြားသီးနှံတွေဟာ ဒေသခံလူထုအတွက် လုံလောက်တယ်။ တခြားလူသုံးကုန်တွေလည်း တရုတ်ဘက်က ၀င်လာတယ်လေ” ဟု အဆိုပါ အမည်မဖေါ်လိုသူ အရာရှိကပြောသည်။

ဒေသခံတစ်ဦးဖြစ်သည့် စိုင်းနွဲ့ကလည်း “ဒီဘက်ကသာ ဟိုဘက်ကိုသွားခွင့်မပေးတာ။ ဟိုဘက်က ဝင်လာတဲ့ ကုန်တင်ကားကြီးတွေ ဝင်ခွင့်မပေးပေမယ့် ယာဉ်ငယ်တွေနဲ့ ကဲ့ယူနေကြတာပဲ။ လူတွေကိုလဲ အရမ်းစစ်တယ်။ ဂိတ်တွေမှာ ဆိုင်ကယ် ပေးမစီးတော့ဘူး။ ဆင်းပြီးတော့ တွန်းရတယ်၊ မိုင်းလား မှတ်ပုံတင် ကိုင်တဲ့လူတွေကိုလည်း အရမ်းရစ်တယ်။ ထိုင်းဘက်က လာတယ်ဆိုပြီး ကျနော့် ယောက်ဖနဲ့ ကျနော့် အစ်မကို တစ်ယောက် ဘတ်ငွေ ၅၀၀၀ ညှစ်တယ်။ တာ့ပိန်းမှာညှစ်တာ” ဟု ပြောသည်။

မြန်မာအစိုးရက မိုင်းလားတပ်ဖွဲ့အား ဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်ဖွဲ့နှင့် ပတ်သက်ဆက်နွယ်ခြင်း၊ ဆက်သွယ် သတင်းပေးခြင်း၊ လူအား ငွေအားအပြင် အခြားသော စစ်ရေး ထောက်ပံ့မှုများပေးနေသည်ဟု  စွပ်စွဲထားသည်။

ဖေဖေါ်ဝါရီ ၉ရက်နေ့ ကိုးကန့်တပ်ဖွဲ့နှင့် မြန်မာအစိုးရအကြားဖြစ်ပွားသော တိုက်ပွဲနောက်ပိုင်း မိုင်းလားတပ်ဖွဲ့နှင့် ယခုကဲ့သို့ ချုပ်ချယ်ကန့်သတ်မှုများ လုပ်လာခြင်း ဖြစ်သည်။ ထို့အတူ မတ် ၄ရက်နေ့ကလည်း မြန်မာအစိုးရတပ်မတော်မှ ၁၂၀ မမ လက်နက်ကြီးနှင့် သံချပ်ကာ ကားများကို ကျိုင်းတုံ-မိုင်းလား နယ်ခြား တာ့ပင်းတံတားဂိတ်တွင် ချထားသည်ဟု သိရသည်။

Most read this week