ပင်လုံမြို့၌ မိုးသီး ကြီးများ ကြွေ၊ ရာသီသီးနှံ စိုက်ခင်းဧက ရာနှင့်ချီ၍ ပျက်စီးဆုံးရှုံး

ပင်လုံမြို့၌ မိုးသီး ကြီးများ ကြွေ၊ ရာသီသီးနှံ စိုက်ခင်းဧက ရာနှင့်ချီ၍ ပျက်စီးဆုံးရှုံး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြို့နယ် ပင်လုံမြို့၌ မတ်လ ၂၅ရက်နေ့က မိုးသက်လေပြင်းကျရောက်ကာ ဆီးဖြူသီးအရွယ်ခန့်ရှိ မိုးသီးကြီးများ ကြွေကျမှုကြောင့် ရာသီသီးနှံစိုက်ခင်း ဧကရာနှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။

နောင်မိန်းရပ်မှ ရပ်မိရပ်ဖဖြစ်သူ ဦးလုံးဥတ္တမက “နောင်မိန်းမှာ ရာသီသီးနှံစိုက်ခင်းဧက ၂၀၀ကျော် ပျက်စီးဆုံးရှုံးတယ်။ တန်ဖိုးကတော့ သိန်း ၃၄၀ လောက်ရှိ တယ်။ ဆုံးရှုံးတာများတော့ ပိုင်ရှင်တွေ ငိုပွဲဝင်ကြတယ်” ဟု ပြောသည်။

PL 1 moe dee

ပင်လုံမြို့မြောက်ဘက်ရှိ နောင်မိန်းရွာတွင် အိမ်ခြေ ၄၅ခန့်ရှိပြီး အိမ်တိုင်းစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြကြောင်း၊ ရာသီသီးနှံများဖြစ်သည့် အာလူး၊ ဖရဲသီး၊ သခွားမွှေး၊ ဖရုံသီး၊ ကြက်သွန်ဖြူနှင့် ပန်းပင်များ စိုက်ပျိုးကြကြောင်း ၎င်းက ဆိုသည်။

“သီးနှံတွေတောင် ရင့်ကြီးနေပြီ။ မကြာခင် ဆွတ်တော့မှာ။ ရင်းနှီးထားတာတွေတော့ ကုန်ပါပြီ။ တစ်အိမ်ကို သိန်း ၄၀ - ၅၀ အနည်းဆုံးပဲ။ ထိုင်းကို သွားအလုပ်လုပ်တာပဲ ကောင်းမယ်ထင်တယ်” ဟု နောင်မိန်းရွာသား လုံးညွှန့်က ပြောပါသည်။

PL 2 moe dee

ပင်လုံမြို့အနောက်မြောက်ဘက်ရှိ ပန်မုံ့ရွာတွင်လည်း လယ်ပိုင်ရှင် ၆ဦး၏ ဖရဲသီး၊ အာလူး၊ ခရမ်းချဉ်သီး စိုက်ခင်း  ၈ ဧက ပျက်စီးပြီး ၂၄သိန်းခန့် ဆုံးရှုံးကြောင်း ပန်မုံ့ရွာနေ ဒေါ်ပါ့ကွယ်က ပြောသည်။

PL 3 moe dee

အလားတူ ပင်လုံမြို့တောင်ဘက်ရှိ ၀မ့်လုံရွာ၌ အာလူး၊ ဖရဲသီး၊ သခွားသီး၊ ကြက်သွန်မြိတ် စိုက်ခင်းဧကပေါင်း ၂၀ ခန့် ပျက်စီးဆုံးရှုံးကြောင်း ၀မ့်လုံရွာသူကြီး ဦးလုံးလှဦးက ဆိုသည်။

PL moe dee

မွန်းလွဲ ၁ နာရီခွဲခန့်က ကျရောက်ခဲ့သော မိုးသက်လေပြင်းကြောင့် ပင်လုံမြို့လယ်ရှိ ကိုးမြို့ရှင်နတ်နန်းမှ ညောင်ပင်ကျိုးကျကာ  နတ်နန်းမှာလည်း ပြိုကျပျက်စီးသွားကြောင်း သိရှိရသည်။

မတ်လ ၂၅ရက်နေ့တွင် ပင်လုံမြို့၌သာမက တောင်ကြီး၊ ပြင်ဦးလွင်၊ မိုင်းလား တို့တွင်လည်း မိုးသက်လေပြင်း ကျရောက်ကာ မိုးသီးကြီးများကြွေကျခဲ့သည်။

Most read this week