စစ်တွေ မြို့ပြစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီ

စစ်တွေ မြို့ပြစီမံကိန်းအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီ
by -
နိရဥ္စရာ

စစ်တွေမြို့ မြို့ပြစီမံကိန်းတစ်ခုဖြစ်သော ကစ္ဆပနဒီ မြေယာဖေါ်ထုတ်ရေးစီမံကိန်းအတွက် ရခိုင်ပြည်နယ် အစိုးရနှင့် ဆုထူးစံကုမ္ပဏီတို့သည် နားလည်မှုစာချွန်လွှာကို ရခိုင်ပြည်နယ် အစိုးရရုံး အစည်းအဝေးခန်းမ ၃ တွင် မတ်လ ၂၅ရက်၊ ညနေ၄နာရီက အခမ်းအနား တစ်ရပ်ဖြင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

ယခု စီမံကိန်းမှာ စစ်တွေမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော စီမံကိန်း ဖြစ်ကြောင်း ထိုလက်မှတ်ရေး ထိုး ပွဲတွင်  ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

DSC04427

“ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးစီမံကိန်းတွေကို သိသိသာသာ တိုးမြှင့်ဆောင်ရွက် နေပါတယ်။ ဒီမြို့ပြစီမံကိန်းဟာ ရခိုင်ပြည်နယ်အတွက် အလွန်အရေးပါတဲ့ စီမံကိန်း တစ်ခု ဖြစ်ပါတယ်။ ဒီစီမံကိန်းက ရရှိတဲ့ အကျိုးအမြတ်တွေကို ရခိုင်ပြည်နယ်အစိုးရက လက်ခံရရှိပြီးတော့ အားလုံးကို ရခိုင်ပြည်သူတွေ အကျိုးအတွက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်က ပြောသည်။

စစ်တွေမြို့ကို အများတကာ လာလည်ချင်သော မြို့တစ်မြို့ဖြစ်အောင် ဖန်တီးတည်ဆောက်ပြီး၊ ပျော်ရွှင်လိုလျှင် စစ်တွေသို့ လာခဲ့ပါဟု ပြောစမှတ်ဖြစ်ရအောင် လုပ်ဆောင်သွားမည်ဟု ၀န်ကြီးချုပ်က ပြောသည်။

ယခုဖေါ်ထုတ်မည့် ကစ္ဆပနဒီ မြေယာဖေါ်ထုတ်ရေးစီမံကိန်းသည် မြေ ၁၁၅ဧက ကျယ်ဝန်းပြီး စီမံကိန်း ပြီးဆုံးသွားပါက စစ်တွေမြို့သည် အဆင့်အတန်းတစ်ခုရှိသော ဆိပ်ကမ်းမြို့တစ်မြို့အဖြစ် ပြောင်းလဲ သွားမည်ဟု ၀န်ကြီးချုပ်က ကတိပြု ပြောကြားသည်။

“ဒီနှစ်အတွင်းမှာပဲ စစ်တွေမြို့က တော်တော်လေး ပြောင်းလဲသွားပါပြီ။ နောက်နှစ်ဆိုရင်တော့ စစ်တွေက ရခိုင်စကားနဲ့ ဆိုရင် မိုက်တေ (ကောင်းတယ်) ဖြစ်သွားပါမယ်” ဟု ၀န်ကြီးချုပ်က ဆိုသည်။

ကိုးရီးယား ကုမ္ပဏီအနေဖြင့် ရခိုင်ပြည်နယ်တွင် လုပ်ငန်းဆောင်ရွက်ခွင့် ရရှိသည့်အတွက် အထူးကျေးဇူး တင်ကြောင်း၊ နားလည်မှု စာချွန်လွှာ ရေးထိုးပြီးသည်နှင့် လုပ်ငန်းများကို စတင်အကောင်အထည်ဖေါ်နိုင်အောင် အဆင်သင့် လုပ်ထားပြီဖြစ်ကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခု ဆုထူးစံနှင့် လက်တွဲလုပ်ဆောင်မည့် ကိုးရီးယားကုမ္ပဏီသည် ဟိုတယ်ဆောက်လုပ်ရေးလုပ်ငန်းတွင် နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့အပါအဝင် ကမ္ဘာ့နိုင်ငံအနှံ့အပြား၌ နာမည်ကြီး ဟိုတယ်များ တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။

ကစ္ဆပနဒီ မြေယာဖေါ်ထုတ်ရေးစီမံကိန်းသည် ရခိုင်ပြည်နယ်အတွက် မကြံုစဖူး စီမံကိန်းကြီး တစ်ခုဖြစ်သော်လည်း ကိုးရီးယားကုမ္ပဏီအတွက်မူ သာမန်စီမံကိန်းငယ် တစ်ခုသာဖြစ်သည်ဟု သိရသည်။

“ကျွန်တော်တို့ ဆုထူးစံကုမ္ပဏီ အနေနဲ့ လုပ်ငန်းတွေကို စတင်အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ဖို့အတွက် စက်ယန္တရားတွေကို အဆင်သင့် လုပ်ထားပြီးပါပြီ။ အခု စီမံကိန်းမှာ တံတားနှစ်စင်းနဲ့ လျှပ်စစ်မီးစီမံကိန်းတွေပါ ပါရှိမှာ ဖြစ်ပြီးတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှာ အပြီးဆောင်ရွက်သွားမှာပါ”ဟု ဆုထူးစံ ကုမ္ပဏီမှ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး (Managing Director) က ပြောသည်။

ယင်း စာချွန်လွှာရေးထိုးပွဲသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး၊ နည်းပညာများ ပံ့ပိုးပေးမည့် ကိုးရီးယားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ ၄ဦးနှင့် ဆုထူးစံကုမ္ပဏီမှ တာဝန်ရှိသူများ အပါအဝင် လူစုစုပေါင်း ၁၀၀ကျော်ခန့် တက်ရောက်ခဲ့သည်။

Most read this week