ဓါးခုတ် ခံရသူ မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဆေးရုံမှ ဆင်းနိုင်ပြီ

ဓါးခုတ် ခံရသူ မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဆေးရုံမှ ဆင်းနိုင်ပြီ
by -
ရွှေဟင်္သာ

ကချင်ပြည်နယ် ဖားကန့် မြို့နယ် အတွင်းရှိ နမ့်မော် အရပ်တွင် နှစ်ခြင်း ခရစ်ယာန် ဘာသာရေး အသင်းတော် (Kachin Baptist Convention, KBC) နှင့် နမ့်မော် ဒေသခံများ ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အကောင်အထည်ဖော်ရာတွင် မူးယစ်ဆေးဝါး ရောင်းချသူများမှ အကြမ်းဖက်ခဲ့သဖြင့် ဒဏ်ရာရရှိခဲ့သူများမှာ ဆေးရုံမှ ပြန်ဆင်းသွားပြီ ဖြစ်ကြောင်း အသင်းတော် မူးယစ် တိုက်ဖျက်ရေးဆိုုင်ရာ တနိုင်း၊ ဟူကောင်း ဒေသ ဥက္ကဋ္ဌ ဆရာ နော်တောင်မှ ရွှေဟင်္သာ သတင်းဌာနအား မတ်လ ၂၅ရက်နေ့ ၌ ပြောကြား ခဲ့သည်။

“ဒဏ်ရာ ပြင်းထန်ပြီး မြစ်ကြီးနားဆေးရုံကို ပို့လိုက်တဲ့ (၂) ယောက်က ပြီးခဲ့တဲ့ တနင်္လာနေ့က ဆေးရုံက ဆင်းသွားပြီ” ဟု ဆရာ နော်တောင်က ပြောသည်။

ထိုသူ နှစ်ဦး၏ နာမည်ကို ထုတ်ဖော် ပြောကြားရန် ဆရာနော်တော်မှ ငြင်းဆို ခဲ့သည်။

phophtaw261

ထိုအသင်းတော်မှ ဦးဆောင်၍ ဒေသခံများနှင့် လက်တွဲဆောင်ရွက်နေသည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သည် ပြီးခဲ့သည့် မတ်လ (၁၅)ရက်နေ့တွင် ဖားကန့်မြို့နယ် လုံးခင်း အနီးရှိ ဘော်ဇီဇာအရပ်တွင် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေစဉ်၊ မူးယစ်ဆေးဝါးများ နမ့်မော် အရပ်၌ ပင်ရင်းထား၍ ရောင်းဝယ်ဖောက်ကားနေကြောင်း သိရ၍ သွားရောက် တိုက်ဖျက်စဉ် ယခုကဲ့သို့ တစ်ဖက်မှ မူးယစ်ဆေးဝါး ရောင်းဝယ်သူများက အုပ်စုဖွဲ့၍ အကြမ်းဖက်ခဲ့ခြင်း ဖြစ်သည်။

ထိုအင်အား (၁၅) ဦးပါ အသင်းတော်နှင့် ဒေသခံများ ပူးပေါင်းထားသည့် မူးယစ် တိုက်ဖျက်ရေး အဖွဲ့အား မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ အင်အားစုမှ နမ့်မော်ရွာတွင် ၎င်းတို့၏ ကားများအား အကြမ်းဖက်၍ ခဲဖြင့်ပစ်ခြင်း ၊ လူများအား ဓါးဖြင့် လိုက်လံ ခုတ်ခြင်းများ ပြုလုပ် ခဲ့သည်။

ထို့ကြောင့် မူးယစ် တိုက်ဖျက်ရေး အဖွဲ့ဝင် (၁၅)ဦး အနက် ၁၀ဦးကျော် ဒဏ်ရာရခဲ့ပြီး (၂)ဦးမှာ ပေါင်နှင့် လက်တို့၌ ဓါးခုတ် ခံရသည့် ဒဏ်ရာများနှင့် ဒဏ်ရာပြင်းထန်သဖြင့် မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်၍ ကုသမှု ခံယူစေခဲ့ပြီး ကျန်အနည်း အကျဉ်း ဒဏ်ရာရသူများအား ဖားကန့်ဆေးရုံ၌ ကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း နမ့်မော်ဒေသခံ ဦးလမောင်လတောင်က ရွှေဟင်္သာ သတင်းဌာနအား မတ်လ (၂၅)ရက်နေ့၌ ပြောကြား ခဲ့သည်။

“မြစ်ကြီးနား ဆေးရုံကို ပို့လိုက်တာ (၂)ယောက်၊ ကျန်တဲ့ နည်းနည်းပါးပါး ဒဏ်ရာရသူတွေကို ဖားကန့်ဆေးရုံကို ပို့လိုက်တယ်၊ အစကကျတော့ ဘိန်းရောင်းတဲ့ သူကို လုံခင်း ဘေးနားက ဘော်ဇီဇာမှာမိတော့ ပင်ရင်းကို ဘယ်မှာလဲလို့ မေးတော့၊ နမ့်မော်မှာ ဆိုတော့၊ နမ့်မော်ကို သွားတဲ့ အခါမှာ အဲဒီမှာ မူးယစ်ဆေးဝါးရောင်းတဲ့ သူတွေက ဝိုင်းပြီး ဓါးနဲ့ ခုတ်လိုက်တာ”  ဟု ဦးလမောင်လတောင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ထိုသို့ အခင်း ဖြစ်ပွားပြီးနောက် ဖားကန့် အာဏာပိုင် အုပ်ချုပ်ရေးမှူး၊ ရဲနှင့် တပ်မတော်မှ တပ်မမှူးများက ထိုဖြစ်ရပ်အား တာဝန်ယူ ဖြေရှင်းပေးမည်ဟု ဆိုလာသဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အင်အားစုများက ၎င်းအာဏာပိုင်များ၏ လုပ်ရပ်အား ဝိုင်းဝန်းစောင့်ကြည့်လျက် ရှိကြောင်း ဦးလမောင်လတောင်က ဆက်ပြောသည်။

“နောက်ဆုံး အခြေအနေက ပြောရမယ်ဆိုရင် အခုအဲဒီ သက်ဆိုင်ရာက လူတွေက ဖြန်ဖြေတဲ့ သဘောပေါ့၊ သူတို့ တာဝန်ယူမယ် ဆိုတော့ အခု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က စောင့်ကြည့်နေတယ် ဒါကို” ဟု ဦးလမောင် လတောင်က ပြောသည်။

ထိုသို့ အခင်းဖြစ်ပွားခဲ့သည်မှာ တစ်ပတ်ကျော်လာပြီ ဖြစ်သော်လည်း အာဏာပိုင်များမှ ယခုအထိ ထိုလုပ်ရပ်အား ကိုင်တွယ် ဖြေရှင်းပေးခြင်းမရှိသေးဟုလည်း ဆရာ နော်တောင်မှ ဆက်လက် ပြောကြားသည်။

“လောလောဆယ်ကတော့ သူတို့ (အာဏာပိုင်) တွေက ဘာမှ မလုပ်နိုင်ဘူး ဖြစ်နေတယ်၊ သူတို့ဆီကို အမှုတွဲ လွှဲထားတာ ဆိုတော့ သူတို့ ဘယ်လိုလုပ်မလဲ ဆိုတာ စောင့်ကြည့် နေတုန်းပဲ၊ ဒါပေမယ့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း တွေကိုတော့ ကျနော်တို့ ပုံမှန်လုပ်ဆောင်သွားရမှာပဲ” ဟု ဆရာ နော်တောင်မှ ပြော သည်။

ကျောက်စိမ်း တူးဖော်ခြင်းကို စီးပွားဖြစ် လုပ်ကိုင်နေသည့် ဖားကန့်ဒေသသည် မူးယစ်ဆေးဝါး ရောင်း ဝယ်ဖောက်ကားမှု ထူထပ်သည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း ဆရာနော်တောင်က ဆက်ပြောသည်။

KBC နှင့် ဒေသခံများ စုပေါင်း၍ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စကာ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဖားကန့်၊ တနိုင်းနှင့် ဟူကောင်း ဒေသ တို့၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်းကို ကိုယ်ထူကိုယ်ထ အကောင်အထည်ဖော်ခဲ့ရာ၌ ဘိန်းခင်း ဧကပေါင်း (၃၀၀၀)ကျော်ကို ဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်းရှိ ပြည်နယ်များအနက် ကချင်ပြည်နယ်သည် ရှမ်းပြည်နယ်ပြီးလျှင် ဘိန်းစိုက်မှု ဒုတိယ အများဆုံး ပြည်နယ် တစ်ခုလည်း ဖြစ်သည်။

Most read this week