ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် သင်တန်း ပင်လုံမြို့တွင် ပထမ အကြိမ် ကျင်းပ

ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် သင်တန်း ပင်လုံမြို့တွင် ပထမ အကြိမ် ကျင်းပ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ ပိဋိကတ်ကျောင်း စာသင်တိုက်၌ ပထမဆုံးအကြိမ် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုစနစ် သင်တန်းကို တိုင်းရင်းသားလူမျိုးစု လေ့လာရေး မြန်မာ ဌာန (BCES)  တိုင်းရင်းသားလူမျိုးရေးရာ သုတေသနအဖွဲ့မှ မတ်လ ၂၁ရက်မှ ၂၃ရက်အထိ လာရောက်ပို့ချပေးခဲ့သည်။

အဆိုပါဒီမိုကရေစီနှင့်ဖက်ဒရယ်အကြောင်းကိုလူတိုင်းသိသင့်ကြောင်း၊ တိုင်းရင်းသားဒေသတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီသင်တန်းများမရှိခဲ့ကြောင်း၊ ထို့ကြောင့်  ဖက်ဒရယ်နှင့် ဒီမိုကရေစီသည် အရေးကြီးမှန်း ပြည်သူလူ ထု နားမလည်ခဲ့ကြောင်း၊ ဒီမိုကရေစီ၏ သဘောတရားကို လုံးဝ မသိသေးသည့် ပြည်သူလူထု အများကြီးရှိကြောင်း  BCES စီမံကိန်း ညွှန်ကြားရေးမှူး  စိုင်းမောန်က ပြောသည်။

PL Federal  training 1

“ဒီမိုကရေစီနဲ့ ဖက်ဒရယ်အကြောင်း ဘယ်လိုဆက်စပ်နေသလဲဆိုတာ သိလာအောင်သင်တန်းပေးတယ်။ တစ်မြို့ပြီးတစ်မြို့သွားမယ်။ အခုမှ ခြေလမ်းအစပဲရှိသေးတယ်။ အနှစ် ၆၀လုံးလုံး မျက်စိပိတ် နားပိတ်လာတော့ လူတွေက ဒီမိုကရေစီဘာလဲ၊ ဖက်ဒရယ်ဘာလဲ ကဃနဏ မသိတော့ဘူး။ သမိုင်းကြောင်းတောင်မသိတော့ဘူး” ဟု ၎င်းက ပြောသည်။

၃ရက်ကြာပို့ချသော အဆိုပါသင်တန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်  (SNLD)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်  (PNO)၊ သျှမ်းလူငယ်ကွန်ယက် (TYN) နှင့် ပင်လုံမြို့ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၅၀ ကျော်တက်ရောက်ပါသည်။  

PL Federal  training 3

သင်တန်းတက်ရောက်သူ NLD ၏ သျှမ်းပြည်နယ်အလုပ်အမှုဆောင်နှင့် ပါတီစည်းကမ်းထိန်း သိမ်းရေး ခေါင်းဆောင် ဒေါ်မီးမီးက “ဒီမိုကရေစီနဲ့ ဖက်ဒရယ် ဆိုတာ ဘာလဲဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်အောင်သိသွားပြီ။ လူတိုင်းက ဒီမိုကရေစီကိုသိထားသင့်တယ်။ ဒါပေမယ့် အခုသူတို့ရှင်းပြတဲ့ခါကျတော့ နားလည်သွားပြီး ကိုယ်ပြန်ရှင်းပြတဲ့အခါကျတော့ လူပိန်းနားလည်တဲ့နည်းနဲ့ ကိုယ်ကပြန် ရှင်းပြလို့ရပြီ” ဟု ဆိုသည်။

BCES သည် ၂၀၁၂ခုနှစ်တွင် ချင်းမိုင်၌ စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံ၌ ဖြစ်ပျက်နေသည့် နိုင်ငံရေးဖြစ်စဉ်ကို သုတေသနလုပ်ပြီး မြန်မာနိုင်ငံ၏ အပြောင်းအလဲကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီနိုင်ရန် ဖွဲ့ရခြင်းဖြစ်သည်ဟု BCES ၏  စီမံကိန်း ညွှန်ကြားရေးမှူး  စိုင်းမောန်ကပြော သည်။

Most read this week