သံတွဲတွင် ရခိုင်မင်္ဂလာစည်တော်၌ ကြံ့ခိုင်ရေးပါတီတံဆိပ်ကပ်၍ ဝါဒဖြန့်မှု ဝေဖန်ခံရ

သံတွဲတွင် ရခိုင်မင်္ဂလာစည်တော်၌ ကြံ့ခိုင်ရေးပါတီတံဆိပ်ကပ်၍ ဝါဒဖြန့်မှု ဝေဖန်ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ ကြိုဆိုပွဲ တစ်ခုတွင် ရခိုင်မင်္ဂလာစည်တော်၌ ကြံ့ခိုင်ရေးပါတီ တံဆိပ်ကပ်၍ ဝါဒဖြန့်မှု ပြုလုပ်ခဲ့သဖြင့် ယင်းလုပ်ရပ်အပေါ် အများက ဝေဖန် ပြစ်တင်နေကြသည်။

ယင်းကဲ့သို့ အမျိုးသားရေးအရ အထွဋ်အမြတ်ထားသော ရခိုင်မင်္ဂလာစည်တော်တွင် ကြံ့ခိုင်ရေးပါတီ တံဆိပ်ကပ်၍ ၀ါဒဖြန့်မှုမှာ အမျိုးသားရေး လက္ခဏာကို ဖျောက်ဖျက်ပစ်လို၍ ဖြစ်သည်ဟု သံတွဲမြို့ခံ စာရေးဆရာမ နွယ်သာကီ(သံတွဲ)က ဝေဖန်ပြောဆိုလိုက်သည်။

IMG 115250203340831

“ရခိုင်မင်္ဂလာစည်ဆိုတာက  ရခိုင်အမျိုးသားရေးဝိသေသတစ်ခုလေ။ ဆရာတော်ဦးဝိရသူဟာ ဘယ်လောက်ပဲ အမျိုးသားရေးဝါဒီ ဘုန်းကြီးဖြစ်ပါစေ၊ ဒါက ရခိုင်လူမျိုးနဲ့ဆိုင်တဲ့ ဝိသေသ၊ မင်္ဂလာစည်။ ဥပမာ ရခိုင်ပါတီအနေနဲ့ ရခိုင်ပါတီဆိုလည်း ဒီလိုမလုပ်ရဘူး။ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ အင်အားကြီး ပါတီတစ်ခုအနေနဲ့ အမျိုးသားရေး လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုတာ ကိုတောင် သူတို့မသိဘူးလား။ ရခိုင် မင်္ဂလာစည်တော်မှာ ကြံ့ခိုင်ရေးတံဆိပ်ကို သုံးလိုက်တာဟာ အမျိုးသားရေး လက္ခဏာတွေကို ဖျောက်ပစ်လိုတဲ့ လုပ်ရပ်ပါပဲ”ဟု ပြောသည်။

မတ်လ ၂ဝရက်နေ့ နံနက်ပိုင်းက စစ်တွေမြို့မှ သံတွဲမြို့သို့ ကြွချီလာသည့် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝိရသူကို သံတွဲလေဆိပ်တွင် ကြိုဆိုတီးခတ်ခဲ့သည့် ရခိုင်မင်္ဂလာစည်တော်၌ ယင်းသို့ ကြံ့ခိုင်ရေးပါတီ တံဆိပ်ကို ကပ်၍ ၀ါဒဖြန့်ချီမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယင်းသို့ ရခိုင်မင်္ဂလာစည်တော်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးတံဆိပ်ပါ စည်ချုပ်ကို ဆင်ယင်လျက် အမျိုးသားရေး တက်ကြွလှုပ်ရှားနေသည့် ဆရာတော်တစ်ပါးကို ကြိုဆိုလိုက်ခြင်းမှာ အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုးသူ သံတွဲမြို့ခံများကို အများအမြင်တွင် သိက္ခာချလိုက်သည်နှင့်တူကြောင်းလည်း မြို့ခံများက ပြောဆိုနေကြသည်။

သံတွဲမြို့ခံ ကိုစိန်ချစ်က “ရခိုင်ပါတီပဲဖြစ်ဖြစ်၊ ကြံ့ခိုင်ရေးပါတီပဲဖြစ်ဖြစ်၊ အခုလို ရိုးရာယဉ်ကျေးမှုအပေါ်မှာတော့ အခုလိုမျိုးမလုပ်သင့်လို့ မြင်ပါတယ်။ ရခိုင့် image(ပုံရိပ်) ကိုတော့ မဖျောက်သင့်ဘူးပေါ့လေ။ ပါတီတံဆိပ်ကိုတော့ တခြားနေရာတွေမှာ သုံးလို့ရပါတယ်”ဟု မှတ်ချက်ပြုပြောသည်။

ရခိုင်စည်တွင် ကြံ့ခိုင်ရေးတံဆိပ်ပါအချုပ်ကို ဆင်ယင်ခဲ့မှုမှာ မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ၏ စေခိုင်းမှုကြောင့်ဟု ဒေသခံများက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး မြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအား နိရဥ္စရာက ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်မရခဲ့ပါ။

ရခိုင့်ယဉ်ကျေးမှုတံဆိပ်များကို အသုံးမပြုခဲ့ဘဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတံဆိပ်များကို အသုံးပြုခဲ့သည့်အတွက် မကျေမနပ်မှုများနှင့်အတူ ယခုကဲ့သို့ ဝေဖန်မှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

Most read this week