အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်စဉ်က စွမ်းစွမ်းတမံ အသက်ကယ်သူများအား ရခိုင်ပြည်နယ်အစိုးရမှ ဂုဏ်ပြု

အောင်တံခွန် ၃ သင်္ဘော နစ်မြုပ်စဉ်က စွမ်းစွမ်းတမံ အသက်ကယ်သူများအား ရခိုင်ပြည်နယ်အစိုးရမှ ဂုဏ်ပြု
by -
နိရဥ္စရာ

အောင်တံခွန်သင်္ဘော နစ်မြုပ်စဉ် မြောက်ကျွိန်ကျွန်းမှ စွမ်းစွမ်းတမံ အသက်ကယ်ခဲ့ကြသူများအား ရခိုင်ပြည်နယ်အစိုးရမှ မတ်လ ၂၄ရက်နေ့က စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတွင် အခမ်းအနားဖြင့် ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ယင်းဂုဏ်ပြုပွဲ အခမ်းအနားကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အပါအဝင် ပြည်နယ် အဆင့်ဝန်ကြီးများ၊ အစိုးရ တာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများ နှင့် ဂုဏ်ပြုခံရသူများ အပါအဝင် စုစုပေါင်း လူဦးရေ ၄၀၀ကျော် တက်ရောက် ခဲ့သည်။

DSC04288

ဂုဏ်ပြုပွဲ အခမ်းအနားတွင်  သင်္ဘောနစ်မြုပ်စဉ် စွမ်းစွမ်းတမံ အသက်ကယ်ခဲ့ကြသူ ၁၄ ဦးအား တစ်ဦးလျှင် ကျပ် ရသိန်း စီနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်က ဂုဏ်ပြုပွဲ ပြုလုပ်ရခြင်းအပေါ် ယခုလို ပြောဆိုသည်။

“ရခိုင်ပြည်နယ် အစိုးရအနေနဲ့ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပြီးတော့ မှတ်တမ်းတင်ထိုက်သူကို မှတ်တမ်းတင် ပါတယ်။ ဒီလူ ၁၄ ယောက်ဟာ ရခိုင်လူမျိုးတွေရဲ့ ရိုးသား၊ ကြိုးစား၊ ပံ့ပိုးကူညီမှုများ ကို ဖေါ်ဆောင်နိုင် သူတွေ ဖြစ်ပါတယ်”ဟု ဆိုသည်။

ယင်းလူ ၁၄ ယောက်ထဲတွင် ၈ယောက်သာ ဂုဏ်ပြုငွေများကို လက်ခံယူနိုင်ခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအနေဖြင့် မြောက်ကျွိန်ကျွန်းတွင် အိမ်များဆောက်ပေးပြီး၊ ရေတွင်းတစ်တွင်းကို တူးပေးမည်ဖြစ်ကာ ဆက်သွယ်ရေးတာဝါတိုင် တစ်ခုကိုလည်း ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် တည်ဆောက်ပေးသွားမည်ဟု သိရသည်။ ယင်းကျွန်းသားများအတွက် လျှပ်စစ်မီး အသုံးပြုနိုင်စေရန် ဆိုလာပြားများကို ထောက်ပံ့ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

“ဒီလူ ၁၄ ယောက်အတွက် ကျွန်တော် ၀မ်းမြောက်ဂုဏ်ယူမိပါတယ်။ သတင်းမှန်များ ရရှိအောင်ဆောင်ရွက်နေ ပါတယ်။ ဒီ ၁၄ ယောက်ကို မေးရင်လည်း အဖြေမှန်တွေကို ရရှိနိုင်ပါတယ်”ဟု ၀န်ကြီးချုပ်က ပြောသည်။

မျက်မြင်ကိုယ်တွေ့များအဆိုအရ သင်္ဘောပေါ်တွင် ခြေချစရာနေရာမရှိကြောင်း၊ ယခုအဖြစ်အပျက်အတွက် ရေကြောင်းရဲနှင့် ဆိပ်ကမ်းအာဏာပိုင်များတွင် တာဝန်ရှိသည်ဟု ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေခဲ့သူ ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုဦးကပြောသည်။

ဂုဏ်ပြုခံရသည့် မြေပုံမြို့နယ် အုန်းချောင်းကျေးရွာသား ဦးကျော်ထွန်းမြင့်က “ကျွန်တော်က မြောက်ကျွိန်ကျွန်း ဒေသခံမဟုတ်ပါဘူး။ သားနှစ်ယောက်ကို ရှင်ပြုဖို့အတွက် အဲ့ဒီမှာ ငွေလာရှာတာပါ။ ရှင်လောင်း သားနှစ်ယောက်လည်း ပါပါတယ်။ သင်္ဘောမြုပ်တာကို ကြားတော့ သားနှစ်ယောက်ကို မင်းတို့တွေလည်း ကျောင်းသားတွေပဲ၊ ဒီလိုမျိုး ကိစ္စတွေမှာ အတွေ့ကြံု ယူရမယ်ဆိုပြီး ခေါ်သွားပါတယ်”ဟု ပြောသည်။

ဦးကျော်ထွန်းမြင့်က ရေနစ်နေသူများက ကယ်ပါ၊ ကူပါ ဆိုသည့်အသံများကို ကြားရသည့်အတွက် ရင်ထဲမှာ မည်ကဲ့သို့ ခံစားရသည်ကို ဖေါ်ပြ၍မရလောက်အောင် ခံစားရကြောင်းနှင့် ၎င်းတို့ သားအဖ သုံးယောက်သည် သူတို့၏ အသက်ကို ပဓာနမထားဘဲ ကယ်ဆယ်ခဲ့ရသည်ဟု သူက ပြောသည်။

“ကျွန်တော်တို့ သားဖ သုံးယောက်ဟာ အသက်ကို ပဓာနမထားဘဲ လူ့အသက်မြောက်များစွာကို စွမ်းစွမ်းတမံ ကယ်နိုင်ခဲ့ကြပါတယ်။ သားနှစ်ယောက်ထဲက တစ်ယောက်ကို ခါးမှာကြိုးချည်ပြီး ပင်လယ်ပြင်ကို ဆင်းခိုင်းကာ ရေနစ်သားတွေကို ကယ်ခိုင်းပါတယ်။ နောက်သားတစ်ယောက်ကို ကြိုးကိုဆွဲခိုင်းပါတယ်။ ဒီလိုပဲ အခေါက်ပေါင်း မြောက်များစွာ ကယ်ခဲ့ပါတယ်”ဟု ဦးကျော်ထွန်းမြင့်က ပြောသည်။

“အသက်ပေါင်းများစွာကို ကယ်ပြီးတော့ သားနှစ်ယောက်ကိုလည်း ရှင်ပြုနိုင်တဲ့အတွက် ကောင်းမွန်သော အရပ်အရာကို ရောက်ပါစေဆိုပြီး ဆုပန်ထားပါတယ်။ ယခုဘဝမှာ ဆင်းရဲတယ်။ နောက်ဘဝမှာ နည်းနည်းလေးလောက် အဆင်ပြေပါစေလို့ ဆုတောင်းထားပါတယ်။ မိဘက စာမသင်နိုင်တော့ စာလည်း မတတ်ဘူး။ ကျောက်ပုဇွန်ပိုက်ချတဲ့ တံငါ အလုပ်ကို လုပ်စားပါတယ်”ဟု ၄င်းက ပြောသည်။

ရခိုင်သားအားလုံးအနေဖြင့်လည်း ဥမကွဲသိုက်မပျက်ရအောင် တက်တက်ကြွကြွ ညီညီညွတ်ညွတ်ရှိအောင် လုပ်ဆောင်ကြပါဟု မှာကြားချင်သည်ဟု သူက ပြောသည်။

Most read this week