မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားနှင့် ကားတိုက်မိရာ ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ရဦး သေဆုံး

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားနှင့် ကားတိုက်မိရာ ထိုင်းရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ရဦး သေဆုံး
by -
သျှမ်းသံတော်ဆင့်

မိုးသည်းထန်စွာ ရွာသွန်းနေချိန် ချင်းမိုင်-ဘန်ကောက် ရထားက တိုယိုတာ ဟိုင်းလက်ကား တစ်စီးအား မတ်လ ၂၄ရက် ညနေ ၅နာရီက ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တိုက်မိရာ ကားနှင့်အတူ စီးနှင်းလိုက်ပါသော သျှမ်းလူမျိုး မြန်မာရွှေ့ပြောင်းအလုပ်သမား ရဦးစလုံး သေဆုံးခဲ့ကြောင်း  ထိုင်းအာဏာပိုင်များ သတင်းအရ သိရှိရသည်။

မြို့နယ် စုံစမ်း စစ်ဆေးရေး ရဲများက ခရိုင် ရဲထံသို့ အကြောင်းကြားသော စာတွင် ချင်းမိုင်မြို့ ဆာရဖီးရပ်ကွက် ဆာရဖီးဆေးရုံကြီးအနောက်ဘက်ရှိ ရထားပြေးလမ်းနှင့် ကားလမ်း ဖြတ်သန်းသည့်နေရာတွင် အခင်းဖြစ်ပွား ခဲ့သည်ဟု ဖော်ပြပါရှိသည်။ ထိုနေ့တွင် ညနေ ၃နာရီခန့်ကတည်းက ချင်းမိုင်မြို့တွင်  လေပြင်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်း မိုးသီးများကျရာက်မှုကြောင့်  အဆိုပါ တိုယိုတာကား ယာဉ်မောင်းသည် ရထားဖြတ်သန်းမည့် အချက်ပြမီးလှမ်းမမြင်နိုင်သဖြင့် ထိုသို့ ယာဉ်မတော်တဆ တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရဲများ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရထားနဲ့တိုက်မိသော တိုယိုတာကား (မြို့နယ်ရဲ တိုယိုတာ)

ကားပေါ်ပါ ပွဲချင်းပြီးသေဆုံးသူ  ရဦးမှာ  အသက် ၂၅ နှစ်မှ ၅၀ နှစ်ကြားရှိ အမျိုးသမီး  ၂ဦး အမျိုးသား ၅ဦးတို့ ဖြစ်ကြသည်။ ထိုအနက် ၃ဦးမှာ အမည်မသိရသေးဘဲ ကျန် ၄ဦးမှာ  စိုင်းထွန်း၊ စိုင်းဂျရယ်၊ ဖှန်မြို့နယ်မှ  စိုင်းလောင်းနှင့် ဝိန်းဟိုင်မြို့နယ်မှ စိုင်းဝန်း တို့ဖြစ်ကြကြောင်း ရဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယာဉ်မောင်းဖြစ်သော စိုင်းထွန်းမှာ ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ဆာရဖီးဆေးရုံမှ ဆွန်ဒေါက် ဆေးရုံကြီးသို့ ပို့ဆောင်ခြင်း ခံထားရကြောင်းလည်း  ရဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ မိုးလေဝသဌာနက  မတ်လ ၂၇ရက်နေ့အထိ ထိုင်းနိုင်ငံတစ်ခုလုံး နွေမုန်တိုင်း ကျနိုင်မည်ဖြစ်ပြီး လေပြင်းထန်စွာတိုက်ခတ်မှု  မိုးသီးကြွေကျမှုများ ရှိနိုင်ကြောင်း ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာမျက်နှာများတွင် ထုတ်ပြန်ထားသည်။

Most read this week