အစိုးရနှင့် လက်နက်ကိုင်အဖွဲ့စည်းများ မိုင်းရှင်းလင်းရေး အမြန်ဆုံး ညှိနိုင်းဆောင်ရွက်သင့်

အစိုးရနှင့် လက်နက်ကိုင်အဖွဲ့စည်းများ မိုင်းရှင်းလင်းရေး အမြန်ဆုံး ညှိနိုင်းဆောင်ရွက်သင့်
by -
ကန္တာရဝတီတိုင်းမ်

ကယား (ကရင်နီ) ပြည်နယ်ရှိ မိုင်းပေါများသည့် ရှားတောမြို့နယ် သံလွင်တလျှောက်နှင့် ပွန်ချောင်း အနောက်ဖက်ခြမ်းများတွင် အစိုးရနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက မိုင်းရှင်းလင်းရေးကို အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးသင့်သည်ဟု ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဆရာပလုရယ်က ပြောသည်။

ရှားတောမြို့နယ်အတွင်း ပြည်တွင်းရွှေ့ပြောင်း ဒုက္ခသည်များ(IDP) ပြန်လည်အခြေချနေထိုင်ရန် စတင် အကောင်အထည်ဖော် လျက်ရှိရာ မိုင်းများ မရှင်းလင်းနိုင်သေးသဖြင့် ပြည်သူများအတွက် အသက်အန္တာရယ် စိုးရိမ်နေကြရခြင်းဖြစ်ကြောင်း သိရသည်။

mine-rocks

မြေမြုပ်မိုင်းများရှိရာဒေသများ နှင့် လျှပ်စစ်တာဝါတိုင်အောက်တွင် ထောင်ထားသောမိုင်းများကို အမြန်ဆုံးဖြေရှင်းပေးရန် လွှတ်တော်တွင် သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဝန်ကြီးသို့ မေးမြန်းခဲ့သော် လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိခဲ့ကြောင်းလည်း ဒီးမော့ဆိုမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘိုးရယ်က ပြောသည်။

“အဓိက ကတော့ ရွှေ့ပြောင်း နေထိုင်သွားလာသူတွေအတွက် သူတို့ရပ်သူတို့ရွာကို ပြန်သွားနေထိုင်ကြတဲ့ အခါ အန္တာရာယ်မရှိစေဖို့ တင်ပြသွားတာပါ။ အဲဒါကို နယ်လုံဝန်ကြီးက အဲဒါပြန်မဖြေပေးခဲ့ဘူး” ဟု ဦးဘိုးရယ်က ပြောသည်။

ရှားတောမြို့နယ်သည် အစိုးရနှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးမီတွင် တိုက်ပွဲများ အများဆုံးဖြစ်ပွားခဲ့ကြသည့် မြို့နယ် ဖြစ်သည်။

ကယား(ကရင်နီ)ပြည်နယ်အနှံ့တွင် မြေမြုပ်မိုင်းများ မရှင်းလင်းနိုင်သေးသ၍ အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများက မိုင်းအန္တာရယ်ကာကွယ်ရေးအတွက် ပြည်သူများနှင့် ကျောင်းသူ/သားများကို အသိပညာပေးသည့် အစီအစဉ်များကို ဖိဖိစီးစီး ဆောင်ရွက်ပေးသင့်သည်ဟု ဆရာပလုရယ်က အကြံပြုပြောဆိုသည်။

“ဒေါတမကြီးအုပ်စုမှာဆိုရင် မကွဲဘဲကျန်တဲ့ ကျဉ်ဆံအဟောင်းတွေကို စုပုံတာတို့ တချို့တွေက ပေါ့ပေါ့ တန်တန်ပဲ တွေးပြီးတော့မှ မ ကြည့်တာတို့၊ ထိကြည့်တာတို့ ကျောက်ခဲနဲ့ ထုကြည့်တာတို့ လုပ်ကြတယ်။ ဒါက အရမ်း အန္တာရာယ်များတယ်” ဟု ဆရာပလုရယ်ကပြောသည်။

အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မိုင်းရှင်းလင်းရေး ကိစ္စကို နှစ်ဦးနှစ်ဖက် သဘောတူညီထားကြသည့်အတိုင်း လက်တွေ့အပြန်အလှန် ကမ်းလှမ်းမှုရှိမှသာ လျှင် နိုင်ငံတကာအဖွဲ့များ၊ ပြည်တွင်းလူမှုအဖွဲ့အစည်းများက ဝင်ရောက်ကူညီနိုင်လိမ့်မည်ဟု ဆရာပလုရယ်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် လောပိတကျေးရွာအုပ်စု ရှမ်းကွက်သစ်ကျေးရွာအနီးရှိ လျှပ်စစ်တာဝါတိုင်အောက်တွင် လျှပ်စစ်ဝန်ထမ်းများနှင့် အစိုးရ စစ်သားအချို့ ခြံုများကို ရှင်းလင်းစဉ် မိုင်းပေါက်ကွဲရာတွင် စစ်သား အချို့ဒဏ်ရာရရှိခဲ့သည်ဟုသိရသည်။

Most read this week