၂၀၁၅ ရွေးကောက်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ရန် မွန်အမျိုးသားပါတီ ဆုံးဖြတ်

၂၀၁၅ ရွေးကောက်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ရန် မွန်အမျိုးသားပါတီ ဆုံးဖြတ်
by -
ရွှေဟင်္သာ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်အမျိုးသားပါတီ ဗဟိုဌာနချူပ်တွင် လေးရက်တာ ကျင်းပခဲ့သည့် မွန်အမျိုးသား ပါတီ (MNP) ၏ ပထမဦးဆုံး အကြိမ် ညီလာခံ၌ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအား ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း ပါတီတွဲဖက် အတွင်းရေးမှူး (၁) ဖြစ်လာသူ  နိုင်စိုးမြင့်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၃၁) ရက်နေ့၌ အတည်ပြု ပြောကြားသည်။

“၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ကျနော်တို့ MNP ပါတီ အနေနဲ့ ရွေးကောက်ပွဲ ပါ၀င် ယှဉ်ပြိုင်ဖို့ အစီအစဉ် ရှိပါတယ်။ အခု ညီလာခံက ရွေးချယ်တဲ့ ဗဟို ကော်မတီတွေ ပေါ့နော်၊ လာမယ့် အစည်း အဝေးမှာ သူတို့ ဆွေးနွေး ဆုံးဖြတ် သွားမယ်” ဟု နိုင်စိုးမြင့်က ရွှေဟင်္သာ သတင်း ဌာနအား အတည်ပြု ပြောသည်။

phophtaw020201

သို့သော်လည်း ထိုဆုံးဖြတ်ချက်မှာ ယခင် ရှိထားသည့် ပါတီ၏မူအရ ဆုံးဖြတ်ထားသည့် ဆုံးဖြတ်ချက်အား ထပ်မံ၍ ညီလာခံ၌ အတည်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ၊ ထို၂၀၁၅ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ မွန်အမျိုးသား ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ မူဝါဒများအား ပါတီဗဟိုကော်မီတီဝင် များမှ ဖေဖော်ဝါရီလ ၄ ရက် မွန်အမျိုးသားနေ့ အခမ်းအနား နောက်ပိုင်းမှသာ ထပ်မံ၍ စည်းဝေး ဆုံးဖြတ်သွားကြ ရဦးမည် ဖြစ်ကြောင်း MNP ဗဟိုကော်မီတီဝင် တဦးဖြစ်သည့် မင်းဖေသန်း ကလည်း ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

“အရင်ကတည်းက ဆုံးဖြတ်ထားတာ၊ အခု ညီလာခံမှာက ဒီအချက်နဲ့ ပတ်သက်ပြီး ဘာမှ ထပ်မဆွေးနွေးတော့ပဲ အရင် ဆုံးဖြတ်ချက်ကိုပဲ ထပ်ပြီး အတည်ပြု လိုက်တာ” ဟု မင်းဖေသန်းက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ယခု ကျင်းပသည့် မွန်အမျိုးသား ပါတီ၏ ပထမ အကြိမ် ပါတီ ညီလာခံ၌ ဥက္ကဋ္ဌ အဖြစ် နိုင်ငွေသိမ်း၊ ဒုဥက္ကဋ္ဌ (၁) အဖြစ် နိုင်သက်လွင်နှင့် ဒုဥက္ကဋ္ဌ (၂) အဖြစ် နိုင်ငွေသိန်းတို့ အရွေးချယ် ခံခဲ့ရကာ၊ အတွင်းရေးမှူး အဖွဲ့ဝင် များအဖြစ် အထွေထွေ အတွင်းရေးမှူး နိုင်လယီတမား၊ တွဲဖက် အတွင်းရေးမှူး (၁) အဖြစ် နိုင်စိုးမြင့်နှင့် တွဲဖက် အတွင်းရေးမှူး (၂) အဖြစ် ဒေါက်တာ မင်းကြည်ဝင်းတို့ အသီးသီး အရွေးချယ် ခံခဲ့ရသည်။

မွန်အမျိုးသားပါတီ အနေဖြင့် လာမည့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်သည်မှာ ကောင်းမွန်သည့် ဆုံးဖြတ်ချက် ဖြစ်သော်လည်း လက်ရှိ မွန်ပြည်နယ် အတွင်း ၂၀၁၀ ရွေးကောက်ပွဲ ၀င်ခဲ့သည့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီ ဟူ၍ မွန်နိုင်ငံရေး ပါတီ နှစ်ခု ရှိနေကာ ၂၀၁၅ ရွေးကောက်ပွဲ၌ မွန်ပြည်သူများအား အကျိုးပြုနိုင်မည့် ကိုယ်စားလှယ် အစစ်အမှန်ကို မွန်ပြည်သူများ မဲပေးရွေးချယ်တတ်ရန် လိုကြောင်း မွန်နိုင်ငံရေး အကဲခတ် တဦး ဖြစ်သည့် နိုင်စွန်းထွမ်က ရွှေဟင်္သာ သတင်းဌာနအား သုံးသပ် ပြောဆိုသည်။

“ပြည်သူလူထုက အဓိကကျပါတယ်။ သူတို့ရဲ့ ကိုယ်စားလှယ် အစစ်အမှန်ပေါ့လေ။ ပြည်သူတွေရဲ့ အကျိုးကို ဘယ်သူက ဆောင်ရွက်နိုင်မလဲဆိုတာ သူတို့ရွေးတတ်ဖို့ လိုတယ်။ တကယ်လို့ ပြည်သူက ရွေးတတ်ရင် ဘယ်နှစ်ပါတီ ဖြစ်ဖြစ် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် ကိုယ်စားလှယ်တွေကိုပဲ ရွေးချယ် သွားမှာပေါ့” ဟု နိုင်စွမ်းထွမ်က သုံးသပ် ပြောဆိုသည်။

မွန်အမျိုးသားပါတီ အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ဆက်လက် တောင်းဆို သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် လုပ်ဆောင်နိုင်ရန်အတွက် လွှတ်တော် အတွင်းသာမက (၃) ပွင့်ဆိုင် ဆွေးနွေးရေး ကိစ္စ ရလာဒ် သည်လည်း အဓိက ကျကြောင်း နိုင်စိုးမြင့်က သုံးသပ် ပြောကြားသည်။

“ပြုပြင် ပြောင်းလဲရေး အတွက် လွှတ်တော် တခုလောက်နဲ့ မလုံလောက်ဘူး မြင်တာပေါ့နော်။ ပြောင်းလဲ ဖို့က ၂၀၀၈ ဥပဒေ အတိုင်းဆို ခက်ခဲပါတယ်။ ကျွန်တော်တို့ လက်ရှိ အစိုးရရယ် UNFC ရယ် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကနေ အဲဒီက ထွက်ပေါ် လာတဲ့ ရလာဒ် တွေကလည်း အဓိက ကျတာပေါ့ဗျာ” ဟု နိုင်စိုးမြင့်က သုံးသပ် ပြောကြားသည်။

ဇန်နဝါရီလ(၂၈) ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျင်းပခဲ့သည့် လေးရက်တာ ပထမ အကြိမ် ပါတီ ညီလာခံမှ မွန်အမျိုးသား ပါတီ၏ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် (၃၁) ဦး၊ ဗဟို ကော်မီတီဝင် (၉၃) ဦး တို့အား ရွေးချယ် ခဲ့ကာ ထိုပါတီ ခေါင်းဆောင် များသည် (၅) နှစ်တာ သက်တမ်း ရှိမည် ဖြစ်သည်။

သို့ရာတွင် အမျိုးသမီးများ တောင်းဆိုထားသည့် အမျိုးသမီးဦးရေပါဝင်မှု ၃၀ရာခိုင်နှုန်း မပြည့်ခဲ့သော်လည်း ၁၆ ရာခိုင်နှုန်းခန့် ရှိခဲ့ကာ ယခင်ကထက် အမျိုးသမီး ဦးရေ ပါဝင်မှု များလာပြီးကြောင်း ဗဟိုကော်မီတီဝင် မင်းဖေသန်းက ပြောသည်။

မွန်အမျိုးသားပါတီ၏ ဥက္ကဌနှင့် အတွင်းရေးမှူ းများအားတွေ့ရစဉ်(မင်းဖေသန်း)

Most read this week