ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရပ်ဖက် လူမှုအဖွဲ့ များပါဝင်မှု အခန်ကဏ္ဍ မြင့်တင်နိုင်ရေး တောင်းဆို

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အရပ်ဖက် လူမှုအဖွဲ့ များပါဝင်မှု အခန်ကဏ္ဍ မြင့်တင်နိုင်ရေး တောင်းဆို
by -
ရွှေဟင်္သာ

မြန်မာ့ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းများ အောင်မြင်စွာ ဖြစ်ထွန်းလာနိုင်ရေး အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်၌ ပြည်သူ လူထုနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပါဝင် နိုင်မှု အခန်း ကဏ္ဍအား ပိုမို မြင့်တင် နိုင်ရေး အတွက် မော်လမြိုင် မြို့တွင် ပြုလုပ် ခဲ့သည့် “အရပ်ဘက် လူမှု အဖွဲ့ အစည်းများ ငြိမ်းချမ်းရေး ဖိုရမ် (မွန်ပြည်နယ်) ” တွေ့ဆုံပွဲ၌ တောင်းဆို ခဲ့ကြောင်း ဖိုရမ်၏ မွန်ပြည်နယ် ပြောရေး ဆိုခွင့် ရှိသူ မင်းအောင်ထူးက ရွှေဟင်္သာ သတင်းဌာနအား ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြောကြားသည်။

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တဖြေးဖြေးနဲ့ အချိန် ကြာလာတော့ နှစ်ဖက် တာဝန် ရှိသူတွေ အနေနဲ့ အမြန်ဆုံး ဆွေးနွေး တိုင်ပင် ပြီးတော့ အမြန်ဆုံး ငြိမ်းချမ်းရေး ရဖို့ တိုက်တွန်း ပါတယ်။ နောက်တချက်က အပစ်ခတ် စောင့်ကြည့် လေ့လာရေး။ ပူးပေါင်း ဆောင်ရွက်မှု ရဖို့ တိုက်တွန်း ပါတယ်။ လူတချို့က အမြန်ဆုံး အပစ်ရပ် လက်မှတ်ထိုး ကြဖို့ တွန်းနေတဲ့ အခါမျိုးမှာ ကျွန်တော်တို့ က အဲဒီလို မဟုတ်ဘဲနဲ့ သာတူညီမျှတဲ့ အပေးအယူ၊ ညီမျှတဲ့ နှစ်ဖက် အဖွဲ့အစည်း တွေရဲ့ ဆွေးနွေး မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက် ဖို့ကို ကျွန်တော်တို့ တောင်းဆို ချင်ပါတယ်” ဟု မင်းအောင်ထူးက ရွှေဟင်္သာ သတင်းဌာနသို့ ပြောသည်။

phophtaw300101

တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲ နိုင်ရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (NCCT) တို့အကြား တွေ့ဆုံမှု ခြောက်ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်သော်လည်း ထင်သာ မြင်သာ ဖြစ်ထွန်း တိုးတက်မှုအား အားနည်း နေဆဲ ဖြစ်သည်။

ထို့ပြင် ဇန်နဝါရီလ (၂၇) ရက်နေ့ကည်း မွန်ပြည်နယ်၊ မုဒုံ မြို့နယ် ကမာဝက် မြို၌ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စု နေ့အမီ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ် အခတ် ရပ်စဲရေး လက်မှတ် ရေးထိုး နိုင်ရေး အတွက် တွန်းအားပေး ဆန္ဒပြမှု တစ်ရပ် ပြုလုပ် ခဲ့သေးသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) အနေဖြင့် အပစ်အခတ် ရပ်စဲရေးအား အချိန်ဆွဲနေခြင်း မဟုတ်ပဲ လက်မှတ် ရေးထိုးပြီးနောက် ထပ်မံ ပစ်ခတ် မှုများ မဖြစ်ပေါ် စေရေး အတွက် နိုင်ငံရေး အာမခံချက် ရရှိရေး အတွက် ကြိုးပမ်းနေခြင်းသာ ဖြစ်၍ အမည်ခံ အပစ်ရပ်ရေးကို လက်မှတ် မရေးထိုး နိုင်သေးသည့် အခြေအနေသာ ဖြစ်ကြောင်း NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ငြိမ်းချမ်းရေး ဖိုရမ် ထည့်သွင်း ပြောကြား သွားခဲ့သည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်၌ ပြည်သူလူထုနှင့် အရပ်ဘက် လူမှု အဖွဲ့အစည်းများ ပါဝင်မှု အခန်းကဏ္ဍ မြင့်မား လာပါက ထူးခြားမှု ရှိလာနိုင်သည် ဟုလည်း မွန်ပြည်နယ် အရပ်သား အပစ်ခတ် စောင့်ကြည့် လေ့လာရေး ကော်မီတီ ဒုတိယ ဥက္ကဌ နိုင်မင်းမင်းနွယ်က ရွှေဟင်္သာ သတင်း ဌာနအား သုံးသပ် ပြောဆိုသည်။

“တိုးတက်မှုက ရှိလာမှာပေါ့။ နှစ်ပေါင်း မြောက်များစွာ ဖြစ်လာ နေတဲ့ ပြဿနာ တခုကို ဖြေရှင်းတဲ့ အခါကျတော့ နှစ်ဖက်စလုံးက မလျှော့ မတင်း ဘဲနဲ့ စိတ်ခံစားချက် ကိုသော်၎င်း ဖြစ်စဉ်ရဲ့ ပကတိ အနေ အထားကို အကဲမခတ် မိဘဲနဲ့ သဘောထား တင်းတင်း မာမာနဲ့ တဖက်နဲ့ တဖက် လက်ခံ နေမယ် ဆိုရင်တော့ ဒီပြဿနာကြီးက ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး။ အဲဒီတော့ ပြည်သူလူထုက ပါ၀င် လာမယ်၊ တိုက်တွန်း လာမယ်။ ပူးပေါင်း ဆောင်ရွက် လာမယ် ဆိုတဲ့ အခါ ကျတော့ အဲဒီဒေါင့်ကို စဉ်းစားနိုင်ဖို့ ကျွန်တော်တို့က ထူးခြား တယ်လို့ ယူဆ တာပေါ့” ဟု နိုင်မင်းမင်းနွယ်က သုံးသပ် ပြောဆိုသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ ရွှေမြင့်မိုရ်ထွန်း ဟိုတယ်၌ ကျင်းပ ပြုလုပ် ခဲ့သည့် အဆိုပါ အရပ်ဘက် လူမှု အဖွဲ့ အစည်းများ ငြိမ်းချမ်း ရေးဖိုရမ်(မွန်ပြည်နယ်) အစည်းဝေးအား အရပ်ဖက် အဖွဲ့ အစည်းပေါင်း (၇၀ ) ကျော်မှ ကိုယ်စားလှယ် ဦးရေ (၁၆၀) ကျော် တက်ရောက် ခဲ့ကြသည်။

Most read this week