မွန် ကဗျာဝပင်လယ်ကမ်းခြေတွင် ကန်ဒေါ်လာ ၁၂ သန်းတန် အပန်းဖြေ စခန်း ဆောက်မည်

မွန် ကဗျာဝပင်လယ်ကမ်းခြေတွင် ကန်ဒေါ်လာ ၁၂ သန်းတန် အပန်းဖြေ စခန်း ဆောက်မည်
by -
ရွှေဟင်္သာ

မွန်ပြည်နယ် အစိုးရ၏ ခွင့်ပြုချက်ဖြင့် မွန်ပြည်နယ် ရေးမြို့နယ် တွင်းရှိ ကဗျာဝ ပင်လယ် ကမ်းခြေ၌ အမေရိကန် ဒေါ်လာ ၁၂ သန်း အကုန်ကျ ခံကာ တည်ဆောက်မည့် အပန်းဖြေ စခန်း စီမံကိိန်းအား ဆောက်လုပ်ရန် အတွက် တိုင်းထွာမှုများ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း တာဝန်ယူ ဆောက်လုပ်မည့် Aurun Co.Ltd ကုမ္ပဏီ လီမီတက်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဌေးသွင်က ရွှေဟင်္သာ သတင်းဌာနအား ဇန်နဝါရီလ (၂၅) ရက်နေ့တွင် အတည်ပြု ပြောသည်။

“အဲဒီဒေသက မွန်ပြည်နယ်မှာ အလှဆုံး ကမ်းခြေ တခုဖြစ်တယ်။ ပင်လယ် ကမ်းခြေကို အခြေပြုတဲ့ ခရီးသွား လုပ်ငန်း လုပ်မယ်။ သဘာဝ ပါတ်ဝန်းကျင် မပျက်စီး အောင်ပေါ့။ ပင်လယ်ပြင်နဲ့ ခြံတွေ ကြားမှာ လုပ်မှာ ဆိုတော့ နေရာတော့ ကျဉ်းတာပေါ့။ ဘန်ဂလို ပုံစံပေါ့ ကမ်းခြေနဲ့ လိုက်လျော ညီထွေ ရှိမယ့် ဒီဇိုင်း ပုံစံနဲ့ ဆောက်မယ်” ဟု ဦးဌေးသွင်က ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

အဆိုပါ ပင်လယ် ကမ်းခြေ အပန်းဖြေ စခန်းသည် ကဗျာဝ ကျေးရွာ အနီးမှ မန်ကျည်း ချောင်းဝ အထိ အရှည် ရှစ်မိုင်ခန့်ရှိ သောင်ပြင် တစ်လျှောက် တည်ဆောက် သွားရန် စီစဉ် ထားကာ အဆင့်မြင့် တည်းခို ခန်းပေါင်း ၁၂၀ အပါအဝင် ဘန်ဂလိုတွေ ဧည့်ခန်း၊ စားသောက်ခန်း၊ ရေကူးကန် ဟိုတယ်ရုံးခန်း၊ ဝန်ထမ်းအိမ်ရာ ကားရပ်နားမည့် နေရာများ ပါဝင် တည်ဆောက် သွားရန် ရှိကြောင်း ဦးဌေးသွင်က ဆက်ပြောသည်။

ထိုစီမံကိန်းကို အကောင်အထည် ဖော်နိုင်ရန် အတွက် ကုမ္ပဏီမှ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီလ ကတည်းကပင် ကနဦး ကွင်းဆင်း လေ့လာမှုများ ပြုလုပ် ခဲ့ကာ တွေ့ရှိချက် များအား မွန်ပြည်နယ် အစိုးရ ထံသို့ တင်ပြ ခဲ့ပြီးနောက် ပြည်နယ် အစိုးရမှ စီမံကိန်း ဆောက်လုပ်ရန် ခွင့်ပြုချက် ပေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ ပင်လယ် စခန်း အပန်းဖြေ စီမံကိန်း ဆောက်လုပ် ပေးခြင်း အားဖြင့် ဒေသခံ များအတွက် အလုပ်အကိုင် အခွင့် အလမ်း ဖန်တီး ပေးနိုင်မည်လည်း ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် လျှပ်စစ်ဝန်ကြီး နိုင်လဝီအောင်က ရွှေဟင်္သာ သတင်းဌာနအား ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သုံးသပ် ပြောဆိုသည်။

“အခုလို အပန်းဖြေ စခန်း ဆောက်လုပ်ခြင်း အားဖြင့် ဒေသခံတွေ အတွက် အလုပ် အကိုင် အခွင့် အလမ်း ပိုရမယ်၊ ဒေသမှာ ရှိတဲ့ ပညာတတ် ကလေးတွေ အလုပ်ရမယ်။ ဒေသအတွက် အကျိုးရှိမယ်လို့ မြင်တာပေါ့” ဟု နိုင်လဝီအောင်က ပြောကြားသည်။

မွန်ပြည်နယ် အတွင်း၌ သံဖြူဇရပ်မြို့နှင့် ကျိုက္ခမီ မြို့ကြားရှိ စက်စဲ ပင်လယ် ကမ်းခြေ အပန်းဖြေ စခန်း တစ်ခု ရှိထားပြီး ဖြစ်သည်။

သို့သော်လည်း ယခု ရေးမြို့နယ် တွင်းတွင် တည်ဆောက်မည့် ကဗျာဝရွာနှင့် မန်ကျည်း ချောင်းဝ တစ်လျှောက် အပန်းဖြေ စခန်း မှာမူ ပင်လယ်ရေပြင် ပိုမိုု ကြည်လင်ခြင်း၊ မြို့ပြ၏ မွန်းကျပ်မှုမှ ဝေးကွာ တည်ရှိ နေခြင်း၊ ကျွန်းစုများ အနီးတွင် တည်ရှိခြင်း များကြောင့် လာရောက် လည်ပတ်သည့် ကမ္ဘာလှည့် ခရီးသည်များ အကြိုက်တွေ့မည် နေရာကောင်း တစ်ခု ဖြစ်ကြောင်း ဦးဌေးသွင်က သုံးသပ် ပြောဆိုသည်။

သို့သော်လည်း ထိုအပန်းဖြေ စီမံကိန်း တည်ဆောက်မည့် နေရာတဝိုက်တွင် မွန်လက်နက်ကိုင် ဓါးပြ အဖွဲ့များ လှုပ်ရှား သွားလာလေ့ ရှိသဖြင့် လုံခြံုရေး အတွက် စိုးရိမ် စရာ အနေအထား တစ်ခု ဖြစ်နေကာ ၎င်းအား ပြည်နယ် အစိုးရနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည်ဟု ဦးဌေးသွင်က ဆိုသည်။

ထို့ပြင် အပန်းဖြေစခန်း စီမံကိန်းကြောင့် ဒေသခံများ၏ လူမှု၊ ဘဝ၊ ယဉ်ကျေးမှု ၊ ထုံးတမ်း အစဉ်အလာ များအား ထိခိုက်မှု ရှိလာနိုင်သည် ဟုလည်း မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှ နိုင်အဲမွန်က သုံးသပ် ပြောဆိုသည်။

“အဲဒီမှာ ရှိတဲ့ ဒေသခံ တွေရဲ့လူနေမှု ပုံစံ၊ နေထိုင်စားသောက်မှု ဓလေ့ ထုံးတမ်း အစဉ်အလာ ဘာသာစကား ယဉ်ကျေးမှု တွေရှိတယ်။ အဲဒါတွေ ပြောင်းလဲမှု တစုံတရာ ထိခိုက်မှု ရှိလာမယ်၊ အဲတာတွေ ထိခိုက်နစ်နာမှု မရှိအောင် စစ်တမ်းကောက် စမ်းစစ် လေ့လာပြီးမှ စီမံကိန်းကို ဖေါ်ဆောင်ဖို့အကြံပြုချင်တယ်” နိုင်အဲမွန် က ရွှေဟင်္သာ သတင်းဌာနသို့ ပြောသည်။

ယခု ပင်လယ်ကမ်းခြေ အပမ်းဖြေ စခန်း စီမံကိန်း တည်ဆောက်မည့် ဒေသသည် ၂၀၀၀ ခုနှစ် ၀န်းကျင်၌ မွန်ပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အခံခဲ့ ရဆုံးသော ဒေသ တစ်ခု ဖြစ်ကြောင်း မွန်ပြည် လူ့အခွင့် အရေး ဖေါင်ဒေးရှင်း၏ ၂၀၀၅ ခုနှစ် စစ်ဘားတိုက်မှ အလှပြ လမ်းလျှောက် ခိုင်းစေမှု ခံရခြင်း အစီရင် ခံစာ၌ ဖော်ပြ ထားသည်။

Most read this week