KIO ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံရသည့် ရှမ်းနီများ လွတ်မြောက်ဖို့ ဆုတောင်းပွဲ လုပ်မည်

KIO ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံရသည့် ရှမ်းနီများ လွတ်မြောက်ဖို့ ဆုတောင်းပွဲ လုပ်မည်
by -
ရွှေဟင်္သာ

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံထားရသည့် ရှမ်းနီများ ပြန်လည် လွတ်မြောက် လာရေး အတွက် လာမည့် ဇန်နဝါရီလ (၃) ရက်နေ့၌ မြစ်ကြီးနားမြို့ ဆုတောင်းပြည့် ဘုရား ရင်ပြင်တော်၌ တပ်သားသစ် စုဆောင်းခြင်း ခံရသည့် ကလေး မိဘများနှင့် ကချင်ပြည်နယ် ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ပူးပေါင်း၍ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရှမ်းလူမျိုးစု ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောသည်။

“ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဆုတောင်းပြည့် ဘုရားမှာ ဆုတောင်းပြီး တပ်သားသစ် အဖြစ် စုဆောင်း ခံရတဲ့ လူငယ် (၂၈၀) ကျော် ပြန်လွှတ် ပေးဖို့ ဆုတောင်းပွဲ လုပ်ဖို့ အစီအစဉ် ရှိပါတယ် ခင်ဗျ၊ ကလေး မိဘတွေ ကိုယ်တိုင် ဘုရားမှာ ဆုတောင်းပွဲ လုပ်မယ်” ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

phophtaw2301

သို့သော်လည်း ၎င်း ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ပြောဆို နေသည့် အချက်အလက် များနှင့် ၎င်းတို့၏ ရှမ်းနီ လူမျိုး များအား KIO မှ တပ်သားသစ် အဖြစ် စုဆောင်းထားသည်ဟု စွပ်စွဲ နေသည့် ပမာဏမှာ ဖြစ်နေသည်၊ ရှိနေ သည်ထက် ပိုမို ပြောဆို နေခြင်းသာ ဖြစ်ကြောင်း မြစ်ကြီးနား အခြေစိုက် ကချင် လွတ်လပ်ရေး အဖွဲ့၏ နည်းပညာ အထောက်အကူပြု အဖွဲ့မှ ပြောရေး ဆိုခွင့် ရှိသူ ဦးဒေါင်ခါးက တုံ့ပြန် ပြောဆိုသည်။

“အမြဲတမ်း ပွင့်ပွင့်လင်းလင်း ရှင်းရှင်း လင်းလင်း ပြောတယ်၊ အစိုးရ ထိုးစစ် ဆင်နေသရွေ့တော့ စုဆောင်း ရမှာပဲ၊ စုဆောင်းတဲ့ အချိန်မှာ ကျနော်တို့ စည်းမျဉ်း စည်းကမ်းတွေ ရှိတယ်၊ အဲဒီ အတိုင်း ကျနော်တို့ လုပ်တယ်၊ ဒါပေမယ့် အဲလို စုဆောင်းတဲ့ နေရာမှာ ချွှတ်ချော် မှုတွေ ရှိလာလို့ မိဘ အုပ်ထိန်းသူက နေပြီး လာပြီး ဆွေးနွေး တိုင်ပင်ရင် ပြန်လွှတ် ပေးတယ်၊ အခေါက်ခေါက် အခါခါလည်း ပြောပြီး ပါပြီ ၊ ရှိနေတာထက် ဖြစ်နေ တာထက် အမြဲ ကျော်လွန်ပြီး သူတို့ အမြဲတမ်း ပြောနေတယ်” ဟု ဦးဒေါင်ခါးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ တုံ့ပြန် ပြောဆိုသည်။

ယင်းသို့ KIO အဖွဲ့မှ တပ်သားသစ် အဖြစ် စုဆောင်းခြင်း ခံရသည့် ရှမ်းနီ လူမျိုးများ ပြန်လည် လွှတ်ပေးရေး အတွက် ရှမ်းလူငယ်အဖွဲ့နှင့် ဦးဒေါင်ခါး ပါဝင် တက်ရောက်၍ ဆွေနွေးမှု (၂) ကြိမ်၊ KIO နည်းပညာ အထောက် အကူပြု ရုံးမှ အရာရှိ များနှင့် ရှမ်းမျိုးနွယ်စု ရေးရာ အကြီးအကဲများ (၃) ကြိမ် စုစုပေါင်း ဆွေးနွေးမှု (၅) ကြိမ်တိုင် ပြုလုပ်ပြီး ရှင်းလင်း ပြောဆို ထားပြီး ဖြစ်ကြောင်း ဦးဒေါင်ခါးက ဆက်ပြောသည်။

ရှမ်းမျိုးနွယ်စု ရေးရာ အဖွဲ့မှ ပြီးခဲ့သည့် ဇူလိုင် လခန့်၌ ကချင် ပြည်နယ်၌ ရှမ်းနီ လူမျိုး များအား KIO မှ တပ်သားသစ် အဖြစ် စုဆောင်းမှု ၊ အခွန် ကောက်ခံ နေမှု များအား ရပ်တန့် ပေးရန်နှင့် ထိုသို့ ချိုးဖောက်မှု အဖြစ် အပျက် များအား နိုင်ငံ တကာမှ သိရှိနိုင်ရန် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် Mr. Vjay Nambia နှင့် လူ့အခွင့်အရေး ကိုယ်စားလှယ် Mrs. Yanhee Lee တို့နှင့် အမေရိကန် သံရုံးမှ လူ့အခွင့် အရေး အရာရှိ ဒုတိယ အတွင်းဝန် Mr.Thu Huynh Thi Nyuyen တို့အား တိုင်ကြား စာမျာ ပေးပို့ ထားပြီး ဖြစ်ကြောင်း ဦးထွန်းရင်က ဆိုပါသည်။

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ လက်အောက်ခံ ကချင် လွတ်လပ်ရေး တပ်မတော် တို့အကြား နှစ်ဖက် တိုက်ပွဲ ဖြစ်ပွား နေခြင်းသည် တပ်သားသစ် စုဆောင်း ရခြင်း၏ အခြေခံ အကြောင်း ဖြစ်ခြင်းကြောင့် ပထမ အဆင့် အနေဖြင့် အပစ်အခတ် ရပ်စဲ ရေးအား ဦးစွာ လုပ်စေ လိုကြောင်းလည်း တိုင်းလိုင် (ရှမ်းနီ) အမျိုး သားများ ဖွံ့ဖြိုး တိုးတက်ရေး ပါတီ၏ အတွင်းရေးမှူး ဦးစောဝင်းထွန်းက ရွှေဟင်္သာ သတင်း ဌာနအား သုံးသပ် ပြောကြားသည်။

“ဒီကိစ္စ တွေက နိုင်ငံရေး အရ ပြေလည်မှု ရမှပဲ အားလုံး ချုပ်ငြိမ်း သွားမယ်၊ နိုင်ငံရေး အရ ဆွေးနွေး ညှိနှိုင်းမှု လုပ်နိုင်အောင် ပထမ အဆင့်မှာ အပစ်အခတ် ရပ်စဲရေးကို အရင် လုပ်စေ ချင်ပါတယ်၊ အပစ်မရပ်ပဲ လက်နက်ကိုင် ပဋိပက္ခ ရှိနေရင် နှစ်ဖက် အစိုးရရော ၊ ကချင်ရော တပ်တွေက တပ်သားစုဆောင်း တာတွေ အခွန်အကောက် ကောက်တာတွေ ရှိနေမှာပဲ၊ ဒါကြောင့် ပထမအဆင့် အနေနဲ့ အပစ်အခတ် ရပ်စဲ ရေးကို အရင် လုပ်စေချင်ပါတယ်” ဟု ဦးစောဝင်းထွန်းက ရွှေဟင်္သာ သတင်း ဌာနသို့ ဒီဇင်ဘာလ (၁၉) ရက်နေ့၌ သုံးသပ် ပြောကြားသည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့သည် အောက်တိုဘာလ (၁၉) ရက်နေ့ အစိုးရ စစ်တပ်မှ ကချင် ဗိုလ်လောင်း သင်တန်း ကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်မှု ပြုလုပ် ခဲ့ပြီး နောက်၌ နှစ်ဖက်၏ တင်းမာမှုမှာ ပိုမို မြင့်မား လာခဲ့သည်။

ဆက်တိုက် ဆိုသကဲ့သို့ ရှမ်းပြည် မြောက်ပိုင်းရှိ တအာင်း TNLA ၊ KIA တပ်မဟာ (၄) နှင့် ကိုးကန့် တပ်ပေါင်းစု များနှင့် အစိုးရ တပ်တို့ တို့သည် ဒီဇင်ဘာလ (၈) ရက်နေ့၌ ကျောက်မဲ မြို့နယ် အတွင်း၌ လည်းကောင်း၊ ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ် တာမိုးညဲ၌ လည်းကောင်း အစိုးရ တပ်မ (၇၇) လက်အောက်ခံ တပ်ရင်း များနှင့် ရက်ဆက်ပင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၃) ရက်နေ့၌ ဖားကန့်မြို့နယ် အတွင်း၌ အစိုးရ တပ်မတော် တပ်မ (၆၆) မှ ဒေသခံ များ၏ သွားလာမှုကို ကန့်သတ် မှုများ လုပ်လာ ခဲ့သဖြင့်လည်း ဒေသခံ များမှ တိုက်ပွဲ ထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်၍ ထွက်ပြေး တိမ်းရှောင် မှုများလည်း ရှိနေကြောင်း ဦးလနန်က ရွှေဟင်္သာ သတင်း ဌာနအား ဆက်ပြောသည်။

“အစိုးရ တပ်က နေပြီးတော့ အရပ်သား တွေကို ပိတ်ဆို့မှု လုပ်တာ ၊ ရွာသားတွေ အမြဲတန်း ဖြတ်သွား ဖြတ်လာ လမ်းတွေကို ဖြတ်သန်းခွင့် မပြုဘူး ပိတ်လိုက်တယ်၊ ဒေသခံ လူထု ကလည်း တိုက်ပွဲ ပြန်ဖြစ် လာမလား ဆိုပြီး စိုးရိမ်လို့ ထွက်ပြေး လာကြတာပါ” ဟု ဦးလနန်က ရွှေဟင်္သာ သတင်းဌာနအား ဆက်ပြောသည်။

လက်ရှိ၌ အစိုးရနှင့် ညှိနှိုင်း ဆွေးနွေးပွဲ များတွင် ကချင် လွတ်လပ်ရေး အဖွဲ့မှ တက်ရောက်မည် ဖြစ်သော်လည်း ၊ နှစ်ဖက် ပဋိပက္ခ ဖြေရှင်းရေး ညှိနှိုင်းပွဲ များကိုမူ တက်ရောက်မည် မဟုတ်ဟု KIO မှ ထုတ်ဖော် ပြောကြား ထားသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ တို့သည် သည် ၁၉၉၄ ခုနှစ်တွင် အပစ်အခတ် ရပ်စဲ ထားသော်လည်း ၂၀၁၁ ခုနှစ် တွင် နှစ်ဖက် အကြား တိုက်ပွဲများ ဖြစ်ပွား လာရာမှ ယနေ့တိုင် အပစ်အခတ် မရပ်စဲ နိုင်သေးပဲ ဖြစ်နေသည်။

Most read this week