ခရစ်စမတ် ပျော်ရွှင်ပွဲများကို စစ်ရေး သတိဖြင့် ကျင်းပရန် KIO မှ ညွှန်ကြားထား

ခရစ်စမတ် ပျော်ရွှင်ပွဲများကို စစ်ရေး သတိဖြင့် ကျင်းပရန် KIO မှ ညွှန်ကြားထား
by -
ရွှေဟင်္သာ

ကချင်ပြည်နယ် အတွင်း မြန်မာ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO တို့ အကြား တင်းမာ နေသည့် စစ်ရေး ပဋိပက္ခ အခြေအနေ များကြောင့် လာမည့် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ်စမတ် ပွဲတော်ကို ကြီးကြီး ကျယ်ကျယ် ကျင်းပခြင်း မပြု ရန်နှင့် စစ်ရေး သတိဖြင့် ကျင်းပရန် ညွှန်ကြား ထားသည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

“အဲဒီ ညွှန်ကြား ချက်က ကျွန်တော်တို့ KIO ထိန်းချုပ် နယ်မြေ အတွက်ဘဲ။ လွန်ခဲ့တဲ့ လရဲ့ အတွေ့ အကြံု အရ လူစု လူဝေးနဲ့ ပွဲလမ်း သဘင်တွေ ပျော်ပွဲ ရွှင်ပွဲတွေ လုပ်တဲ့ အခါမှာ အစိုးရ တပ်ဘက်က မထင် မှတ်ဘဲ လက်နက် ကြီးနဲ့ ပစ်ခတ်မယ် ဆိုရင် ထိခိုက်မှုတွေ နစ်နာ မှုတွေ ရှိလာ နိုင်မယ်။ ဒါကြောင့်မို့ ကျေးရွာတွေ ဒုက္ခသည် စခန်း တွေမှာ ပျော်ပွဲ ရွှင်ပွဲ တွေကို ကျယ်ကျယ် ပြန့်ပြန့် မလုပ်ဖို့ ညွှန်ကြား မှုတော့ ရှိတယ်” ဟု ဦးလာနန်မှ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

christmas2014

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မြန်မာ စစ်တပ်မှ လက်နက်ကြီး များနှင့် ပစ်ခတ် မှုကြောင့် ကေအိုင် အိုစစ်သင် တန်းကျောင်းမှ ဗိုလ်လောင်း (၂၃) ဦး သေဆုံး ခဲ့ပြီး (၂၀) ဦး ဒဏ်ရာ ရရှိ ခဲ့သည့် ဖြစ်စဉ် များကြောင့် စစ်ရေး သတိနှင့် ခရစ်စမတ် ပွဲတော်အား ကျင်းပရန် ကေအိုင်အိုမှ ညွှန်ကြား ထားခြင်း ဖြစ်သည်ဟု ဦးလနန်က ပြောဆိုသည်။

ပုံမှန် အားဖြင့်မူ နှစ်စဉ် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ် စမတ် ပွဲတော်အား ကမ္ဘာနှင့် အဝှမ်း၌ ပျော်ရွှင်စွာ ကျင်းပ နိုင်ရေး မျှော်လင့် စောင့်စားလေ့ ရှိသော်လည်း ကချင် ပြည်နယ်တွင် KIO နှင့် မြန်မာ တပ်မတော် တို့အကြား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် စစ်ရေး ပဋိပက္ခ ဖြစ်ပွား ခဲ့ကြပြီး နောက်ပိုင်း၌ ခရစ်စမတ်ပွဲ ကျင်းပမှု အားနည်း လာသည်ဟု မြစ်ဆုံ ဒေသခံ တဦးမှ ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

“ကျွန်မတို့ မြစ်ဆုံ ဘက်မှာ ရွှေ့ပြောင်း ခံရတဲ့ ရွာတွေပေါ့ ခရစ်စမတ်ပွဲ မလုပ်တာ (၃) နှစ်ရှိပြီ။ ဒုက္ခသည် စခန်း မှာလဲ လုပ်တာ နည်းလာတယ်။ ပြီးခဲ့တဲ့ (၂၀၁၂) က မိုင်ဂျာယန် ဘက်မှာလေ။ စစ်မြေပြင်နဲ့ နီးတယ် ဆိုတော့ ဗုံးသံ၊ သေနတ်သံတွေ ကြောင့် ကြောက်လန့် နေရတယ်။ ဒါကြောင့် တိုက်ပွဲ ဖြစ်လာပြီး နောက်ပိုင်းမှာ ခရစ်စမတ်ပွဲ ကျင်းပမှု အားနည်း လာတယ်” ဟု အမည် မဖော်လိုသည့် မြစ်ဆုံ ဒေသမှ ဒေသခံ တဦးက ရွှေဟင်္သာသတင်းဌာနအား ပြောသည်။

ကချင်ပြည်နယ် အတွင်း၌ အစိုးရ စစ်တပ်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) တို့အကြား စစ်ရေး အရလည်း ဆက်လက် တင်းမာမှု ရှိနေသလို မြန်မာ စစ်တပ်မှ အင်အား တိုးချဲ့ မှုများ ဆက်ရှိ လာနေသဖြင့် ဒေသခံ များမှ တိုက်ပွဲ ပြန်လည် ဖြစ်ပွား လာမည်ကို စိုးရိမ် နေကြလျက် ရှိကြောင်း ယင်းမြစ်ဆုံ ဒေသခံက ဆက်ပြောသည်။

သို့သော်လည်း ယင်းထုတ်ပြန် ချက်မှာ စိုးရိမ် စိတ်ကို အခြေခံ၍ ထုတ်ပြန်ချက်သာ ဖြစ်ကြောင်း  မြန်မာ့ တပ်မတော်မှ အမည်မဖော် လိုသည့် အငြိမ်းစား ဗိုလ်ကြီး တစ်ဦးက ရွှေဟင်္သာ သတင်း ဌာနအား သုံးသပ် ပြောဆိုသည်။

“သူတို့ (KIA) က ခလရ ၂၁၅ နဲ့ ၂၁၃ ကို ဝိုင်းတိုက် ထားတာကိုး ၊ အဲဒါ ဆိုတော့ တစ်ဖက်က ကျွှန်တော်တို့ တပ်မတော်က အခွင့် အရေး ရရင် ပြန်တိုက် မှာလို့ တွေးပြီး စိုးရိမ် တာလည်း ဖြစ်မယ်၊ တစ်ဖက်က ပြန်ကြည့် ရင် ပွဲတော် ရက်တွေမှာ စစ်ရေး သတိ ရှိဖို့ ထုတ်ပြန် တာတော့ စစ်တပ် အတွက် အထူး အဆန်းတော့ မဟုတ်ပါဘူး” ဟု အမည် မဖော် လိုသည့် အငြိမ်းစား ဗိုလ်ကြီး တဦးက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့က ပြောကြား ခဲ့သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ဘက်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၅) ရက်နေ့ အထိ မြန်မာ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA), တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA), တောင်ပိုင်း ရှမ်းပြည် တပ်မတော် RCSS/SSA ကိုးကန့် အဖွဲ့ တို့နှင့် တိုက်ပွဲများ ပြန်လည် ဖြစ်ပွား ခဲ့ကြသည်။

ယခု ကဲ့သို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အစိုးရ တပ်တို့ အကြား ဖြစ်ပွား နေသည့် တိုက်ပွဲများ လျော့ချ နိုင်ရေး အတွက် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပြုလုပ် နိုင်ရေးအတွက် ယနေ့ ဒီဇင်ဘာ (၂၂) ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) နှင့် တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေး နေကြလျက် ရှိသည်။

သမ္မတ ဦးသိန်းစိန် အစိုးရ သက်တမ်း အတွင်း၌ တပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ပေါ်ပေါက် လာရန် ကြိုးပမ်း သွားမည်ဟု ရည်ရွယ် ထားကြောင်းလည်း တိုင်းရင်းသား တပ်ပေါင်းစု ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီမှ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကကာက ယခုလ အတွင်း ရွှေဟင်္သာ သတင်းဌာန၏ မေးမြန်းချက် တစ်ခု၌ ထုတ်ဖော် ပြောကြား ထားသည်။

Most read this week