မုဒုံမြို့ရှိ ဟင်္သာမောင်နှံ ရုပ်တုအား နေရာရွှေ့ စိုက်ထူ မွန်လူမျိုး ကိုယ်စားပြု သင်္ကေတများ ပျောက်မည် ကို ဒေသခံများ စိုးရိမ်နေ

မုဒုံမြို့ရှိ ဟင်္သာမောင်နှံ ရုပ်တုအား နေရာရွှေ့ စိုက်ထူ မွန်လူမျိုး ကိုယ်စားပြု သင်္ကေတများ ပျောက်မည် ကို ဒေသခံများ စိုးရိမ်နေ
by -
ရွှေဟင်္သာ

မွန်ပြည်နယ် မုဒုံ-မော်လမြိုင် အဝေးပြေး လမ်းမကြီး ပေါ်ရှိ ရွှေဟင်္သာ မောင်နှံ ရုပ်တုအား သက်ဆိုင်ရာ ဒေသ အာဏာပိုင် များမှ မုဒုံ မြို့လယ် ဗိုလ်ချုပ်လမ်း မင်းတန်း ရပ်ကွက်ရှိ အဝိုင်းကြီးသို့ ပြောင်းလဲ စိုက်ထူရန် အတွက် ဆောင်ရွက် နေကြောင်း မုဒုံမြို့ ဒေသခံများ အား ရွှေဟင်္သာ သတင်းဌာနမှ ဒီဇင်ဘာ (၁၉) ရက်နေ့တွင် ဆက်သွယ် မေးမြန်း ချက်များ အရ သိရှိ ရသည်။

မုဒုံ မြို့ခံ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟို ကော်မီတီ မင်းဝဏ္ဏ ကြီးက “ ဒီဇင်ဘာလ (၁၇) ရက်နေ့ ကတည်းက အာဏာပိုင် တွေက အဲဒီ ရွှေဟင်္သာ မောင်နှံ ရုပ်ထု ရှိတဲ့ အဝိုင်းကို စဖျက် နေတယ်၊ ဒီနေ့တော့ ပြီးမယ် ထင်တယ်၊ ဟင်္သာမောင်နှံ ရုပ်တု အစား မီးပွိုင့် တပ်ဖို့ စီစဉ် နေတယ်လို့ သိရတယ်” ဟု မင်းဝဏ္ဏကြီးက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောကြား ခဲ့သည်။

phophtaw20-01

အလားတူ မုဒုံမြို့ခံ တဦး ဖြစ်သည့် ကိုဦး ကလည်း “ အဲနေရာကို မီးပွိုင့် ထည့်ပြီး ဗိုလ်ချုပ်လမ်း မင်းတန်း ရပ်ကွက်က လမ်းလေး ခွမှာ ရှိတဲ့ အဝိုင်းမှာ ထည့်မယ်၊ အပြင်က ရုပ်တုရှိတဲ့ အဝိုင်းကို ဖျက်ပြီး ရုပ်ထဲကို အထဲ ရွှေ့မယ်၊ အဲလို စီစဉ် နေကြတယ်” ဟု ကိုဦးက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောသည်။

အာဏာပိုင် များမှ ထိုဟင်္သာ မောင်နှံ ရုပ်ထုအား ဒီဇင်ဘာလ (၁၈) ရက်နေ့ ညပိုင်း၌ ဝန်ချီ ကားများဖြင့် မင်းတန်းရပ်ရှိ အဝိုင်းသို့ ပြောင်းရွှေ့ စိုက်ထူ ခဲ့သည်။

သို့သော်လည်း မွန်တို့၏ အထိမ်းအမှတ် အမှတ်အသား ဖြစ်သည့် ဟင်္သာရုပ်နှင် သက်ဆိုင်ရာ သင်္ကေတ များအား အာဏာပိုင် များမှ လိုက်လံ ဖျောက်ဖျက် နေသည့် သဘော သက်ရောက် နေကာ ထိုမွန် လူမျိုးများ နေထိုင်သည့် မြို့ရွာ များ၌ မွန်အမျိုးသား လက္ခဏာအား ထင်ဟပ်သည့် သင်္ကေတများ ပျောက်ပျက် လာမည်ကို စိုးရိမ်ကြောင်း မုဒုံမြို့နေ အမည်မဖော် လိုသည့် မွန်လူငယ် တဦးက ရွှေဟင်္သာ သတင်းဌာနသို့ ဒီဇင်ဘာလ (၁၉) ရက်နေ့၌ သုံးသပ် ပြောကြားသည်။

“အရင် မော်လမြိုင် မှာလို ဟင်္သာ ရုပ်ထုကို ဖျောက်လိုက် ပြီးတော့ ၊ မော်လမြိုင် အဝိုင်းမှာလို ဆွမ်းအုပ် သင်္ကေတ တွေနဲ့ အစား လာထိုးမှာ စိတ်ပူတယ်၊ ကျနော်တို့ မွန်လူမျိုး တွေရဲ့ လက္ခာတွေကို လိုက်ဖျောက် နေသလို ခံစား နေရတယ်၊ ဒီလို ကြာကြာ လုပ်နေရင် ကျေးရွာ ၊ မြို့တွေမှာ ကျနော်တို့ မွန်တွေကို ကိုယ်စားပြုတဲ့ သင်္ကေတတွေ ပျောက်ပျက် ကုန်မယ်” ဟု မုဒုံမြို့နေ မွန်လူငယ် တဦးက ရွှေဟင်္သာ သတင်း ဌာနအား သုံးသပ် ပြောကြားသည်။

မုဒုံ-မော်လမြိုင် အဝေးပြေး လမ်းမကြီးနှင့် မုဒုံ မြို့အဝင် လမ်းသုံးခွ ဆုံရာ၌ ရှိသည့် ယင်း “ရွှေဟင်္သာ မောင်နှံ ရုပ်တုအား” တည်ရှိသည့် အဝိုင်းသည် ယဉ်သွား ယဉ်လာ ရှူပ်ထွေး၍ ယဉ်မတော် တဆ ယဉ်တိုက် မှုများ မကြာ ခဏ ဖြစ်ပွားသည့် နေရာ ဖြစ်သဖြင့် ယင်းနေရာ၌ မီးပွိုင့် တပ်ဆင်ခြင်းသည် သင့်လျော် ကြောင်းလည်း မုဒုံ မြို့ခံ ဦးညီညီက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

“အမှန်ဆို အဲနေရာက အဝိုင်း ထားဖို့ လုံးဝ မသင့်ဘူးလေ၊ မုဒုံ မြို့ထဲက ထွက်လာတဲ့ ယဉ်တွေ သက်သက် စောင့်နေရတာ အဓိပ္ပါယ်ကို မရှိဘူး၊ နောက်ယဉ်ကြော အရမ်းရှူပ်ထွေးတော့ ယဉ်တိုက်မှုတွေ ခဏခဏလည်း ဖြစ်နေတော့ မီးပွိုင့် တပ်လိုက်တာ ကောင်းပါတယ်” ဟု ဦးညီညီက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ သုံးသပ် ပြောကြားသည်။

ထိုသို့ ပြောင်းလဲ၍ စိုက်ထူ ခြင်းသည် ယဉ်ကြော ပိတ်ဆို့မှုအား ဖြေရှင်းရန်နှင့် ယဉ်မတော်တဆ တိုက်မှုကို လျော့ချရန် ရည်ရွယ် ချက်သာ ဖြစ်၍  မွန်တို့၏ အမျိုးသား လက္ခဏာ သင်္ကေတ အမှတ်အသား များအား ဖျက်ဆီး လိုဟန် ဆန္ဒ သဘောထား မရှိကြောင်းလည်း ဦးညီက သုံးသပ် ပြောကြားသည်။

ထို မုဒုံ-မော်လမြိုင် အဝေးပြေး လမ်းမကြီး ပေါ်၌ တည်ရှိနေသည့် ၎င်းရွှေဟင်္သာ မောင်နှံ ရုပ်တု တည်ရှိရာ အဝိုင်းသည် ယဉ်ကြောအား ပိတ်ဆို့ ထားသကဲ့သို့ ဖြစ်နေ၍ လည်းကောင်း ၊ ထိုနေရာ၌ ယဉ်များ အသွားအလာ ထူထပ်ကာ အချက်ပြ မီးပွိုင့် မရှိသည့် အတွက် စည်းကမ်းမဲ့ ယဉ်မောင်းနှင် မှုများကြောင့် ယဉ်မတော်တဆ တိုက်မှုများ အဖြစ် များ၍ အာဏာပိုင် များမှ ယခု ကဲ့သို့ ရွှေ့ရခြင်း ဖြစ်ကြောင်း မုဒုံ ဒေသခံ များက သုံးသပ် ပြောဆို ကြသည်။

အလားတူ တစ်ဖက် ၌လည်း မွန်လူမျိုး များကို ကိုယ်စားပြုသည့် မွန်အမျိုးသား လက္ခဏာ သင်္ကေတများ ပျောက် ပျက် သွားမည် ကိုလည်း စိုးရိမ် နေကြသည့် အနေအထား များလည်း ရှိနေသည်။

Most read this week