ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများပေါ်တွင် အခွန်နှုန်းထားကို လက်လီရောင်းစျေး၏ ရ၀ ရာခိုင်နှုန်း အထိ ကောက်ခံရန် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ဒီဇင်ဘာ ၁၂ရက် မင်္ဂလာသိရိဟိုတယ်တွင် တိုက်တွန်းပြောဆို လိုက်သည်။
“ဘယ်လိုပုံစံနဲ့ ကောက်ခံသည်ဖြစ်စေ လေ့လာသုတေသနပြုချက်များအရ လက်လီရောင်းစျေးရဲ့ ရ၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့် ကောက်ခံမယ်ဆိုရင် လက်ရှိဆေးလိပ်သောက်သုံးသူတွေနဲ့ လက်ရှိသောက်သုံးရန် တာဆူနေတဲ့ လူငယ်တွေ လျော့သွားစေမယ်”ဟု ဒုတိယဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းအခွန်ကောက်ခံခြင်းဆိုင်ရာ အမျိုးသားအဆင့် နှစ် ရက်ကြာပြုလုပ်မည့် နှီးနှောဖလှယ်ပွဲတွင် အထက်ပါအတိုင်း ပြောဆိုတိုက်တွန်းလိုက်ခြင်း ဖြစ်သည်။
အချို့နိုင်ငံများမှာဆိုရင် ပုံမှန်အရောင်းအဝယ်ပြုသည့် ကုန်ပစ္စည်းများအပေါ် ကောက်ခံသည့် အပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို သီးခြားသတ်မှတ် အခွန်အဖြစ် ဆောင်ရွက်မှုများလည်း ရှိသည်ဟု ဆိုသည်။ အရေအတွက်နှင့် အမျိုးအစားပေါ် မူတည်ပြီး ကောက်ခံခြင်း၊ ရောင်းချသည့် တန်ဖိုးအပေါ် ကောက်ခံခြင်းနှင့် သီးခြားသတ်မှတ်အခွန်ဖြစ် ကောက်ခံမှုများ ရှိသည်ဟု ဆိုသည်။
“အခွန်တိုးကောက်တဲ့အတွက် တစ်ဖက်က နိုင်ငံတော်အတွက် အခွန်ရမယ်။ တစ်ဖက်က စျေးနှုန်းကြီးလာတဲ့ အတွက် ဒီသောက်သုံးမှု လျော့လာမယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးသမားကတော့ သူအမြတ်အစွန်ကို အထိအခိုက်ခံမှာမဟုက်ဘူး တိုးယူမှာပဲ။ နှစ်လိပ် သောက်တဲ့သူက စျေးကြီးတော့ တစ်လိပ်ပဲ သောက်မယ်။ ဒီလိုမျှော်လင့်ပြီးလုပ်မယ်။ အခြားလုပ်ခဲ့တဲ့ နိုင်ငံတွေမှာလည်း ဒီလိုပဲ လုပ်ခဲ့တာကို တွေ့ရတယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောသည်။
အဆိုပါရရှိသည့်အခွန်များကို နိုင်ငံတော်အတွက် ပေးသွင်းရသော်လည်း အဓိကအားဖြင့် ကျန်းမာရေး၊ အားကစားနှင့် ပညာရေးများ သုံးမယ်ဆိုသည့် အချက်များကို အဖြေထွက်သည့်အထိ ဆွေးနွေးရန် တိုက်တွန်းလိုသည်ဟုဆိုသည်။ အခွန်အမျိုးမျိုး ကောက်ခံနိုင်ရန်အတွက် အထိရောက်ဆုံးနှင့် လက်တွေ့ကျသော အခွန်နှုန်းထားများကောက်ခံရန် ဆွေးနွေးဖို့ လိုအပ်သည်ဟု ဆက်ပြောသည်။
ကောက်ခံရရှိလာသည့် အခွန်များကို သီးခြားရန်ပုံငွေအဖြစ်ထားရှိကာ ကျန်းမားရေး၊ ပညာရေးဝန်ကြီးဌာန များ၏ ခွင့်ပြုငွေဘတ်ဂျက်များကို ထိပါခြင်းမရှိဘဲ လိုအပ်သလို့ အသုံးပြုပါက ဆေးလိပ်သောက်သုံးမှုလျော့ကျပြီး ကျန်းမာရေး၊ ပညာရေးနှင့် အားကစားများတွင် အောင်မြင့်မှု မြှင့်တက်လာနိုင်သည့်အတွက် ထည့်သွင်း ဆွေးနွေးစေချင်သည်ဟု ဆိုသည်။
“မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် ပတ်သက်ပြီး အခွန်ကောက်ခံမှုများ ရှိနေပြီး ဖြစ်ပေမယ့် ဒီကောက်ခံနေတဲ့ ပုံစံနဲ့ နှုန်းထားဟာ နိုင်ငံနဲ့ ပြည်သူကို အကျိုးကျေးဇူး အများဆုံး ဖြစ်ထွန်းစေတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပုံစံနှုန်းထား ဟုတ်မဟုတ် စီစစ်သုံးသပ ်အဖြေရှာကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှု နှစ်စဉ်မြင့်တက်လာသလို့ ကွမ်းစားနှုန်းမှာလည်း ဆက်လက်မြင့်တက်လျှက်ရှိသည်ဟုဆိုသည်။
ပြည်ပမှဗာဂျီးယား ဆေးတင်သွင်းမှု မြင့်တက်လာသလို ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုများလည်း နှစ်စဉ်မြင့်တက်လျှက်ရှိသည်ဟု ဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဆေးပေါလိပ်အပါအဝင် ဆေးလိပ်အရေးအတွက် နှစ်စဉ် သန်းရ၀၀၀ ကျော်သုံးစွဲ လျက်ရှိသည်ဟု ဒုဝန်ကြီးက ပြောသည်။



