အံဒင် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ ဆန္ဒပြမည့် YSS အဖွဲ့ နှောင့်ယှက် မှုနှင့် ကြံုရ

အံဒင် ကျောက်မီးသွေး လောင်စာသုံး ဓါတ်အားပေး စက်ရုံ ဆန္ဒပြမည့် YSS အဖွဲ့ နှောင့်ယှက် မှုနှင့် ကြံုရ
by -
ရွှေဟင်္သာ

မွန်ပြည်နယ် ရေးမြို့နယ် အံဒင် ကျေးရွာ၌ တည်ဆောက်မည့် ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံ ကိန်းအား ကန့်ကွက် ဆန္ဒပြရန် ပြင်ဆင် နေသည့် ရေးမြို့ လူမှု အကျိုးဆောင် အဖွဲ့ (YSS) တာဝန် ရှိသူ များထံ ယခု ရက်ပိုင်း များအတွင်း ဖုန်းမှ တဆင့် စာပို့၍ နှောင့်ယှက် ခြင်းနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ နှောင့်ယှက် မှုများ ရှိနေကြောင်း YSS အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၁) ရက်နေ့၌ ပြောကြားသည်။

“အဓိက ကတော့ ဒီအံဒင် ကျောက်မီးသွး လောင်စာသုံး ဓါတ်အားပေး စက်ရုံ အကြောင်း ဆိုးကျိုးတွေ ၊ ဒေသတွင်း လုပ်ဆောင် နေချက် ကိစ္စ တွေကို ဆိုရှယ် မီဒီယာမှာ ရေးသား ဖော်ပြ နေတဲ့ YSS က ကျနော်နဲ့ ဆရာ မျိုးဝင်းကို ဒီဇင်ဘာလ (၁၀) ရက်နေ့ တုန်းက တစ်စုံ တစ်ယောက်က ဖုန်းနဲ့ဆက်ပြီး နှောင့်ယှက် ပြောဆို မှုတွေ ရှိတယ်၊ ဖုန်း မက်ဆေ့ချ် ပို့ပြီး တော့လည်း နှောင့်ယှက် မှုတွေ ရှိနေပါတယ်” ဟု ဦးအောင်နိုင်ဝင်းက ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၁) ရက်နေ့က ပြောသည်။

phophtaw1302

ထိုသို့ နှောင့်ယှက် ပြောဆို မှုတွင် YSS အဖွဲ့မှ ဒေသခံ ပြည်သူများ၏ တိုးတက်ရာ တိုးတက်ကြောင်း မကြည့်ပဲ လှုံဆော် နေကာ ဒေသခံ ပြည်သူ များအား အသုံးချ၍ ဆန္ဒပြရန် စီစဉ် နေခြင်း ၊ ဒေသခံ မွန်လူမျိုး မဟုတ်ပဲ ဒေသခံ မွန်လူမျိုး များအား အသုံး ချ၍ စီမံကိန်းအား ခုတုံး လုပ်၍ NLD မဲအနိုင် ရရေး အတွက် လုပ်ဆောင် နေခြင်း ဖြစ်ကြောင်း နှောင့်ယှက် ပြောဆို ခဲ့သည်ဟု ဦးအောင်နိုင်ဝင်းက ဆက်ပြောသည်။

ထိုဓါတ်အားပေး စက်ရုံ တည်ဆောက် ရေးနှင့် ပတ်သက် ၍လည်း ရွာခံ လူထုများ အကြား၌ ထိုစီမံကိန်အား လက်ခံရေး မခံရေးနှင့် ပတ်သက်၍ အင်အားစု နှစ်ရပ် ကွဲနေကြောင်း အံဒင် ရွာခံ တစ်ဦး ဖြစ်သည့် ကိုသန်းလွင် ကလည်း ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။

“ဒီစီမံကိန်းကို လက်ခံတဲ့ အဖွဲ့နဲ့ လက်မခံတဲ့ အဖွဲ့ ဆိုပြီး ကျနော်တို့ ရွာမှာ နှစ်ဖွဲ့ ကွဲနေတယ်၊ လက်ခံတဲ့ အဖွဲ့က လူနည်းစု ဖြစ်တယ်၊ ဒါပေမယ့် သက်ဆိုင်ရာတွေ ၊ ဝန်ကြီး ဌာနတွေ အစိုးရ တွေနဲ့ အဆက်အသွယ် ကောင်းကြတယ်၊ နောက် ဒေသခံ အောက်ခြေ လူတန်းစား တွေက ဒီစီမံကိန်းကို ကန့်ကွက်တယ်၊ သူတွေ့တွေက အများစု ဖြစ်ကြတယ်၊ ဒါပေမယ့် ၊ သက်ဆိုင်ရာတွေ ၊ ဝန်ကြီး ဌာနတွေ အစိုးရ တွေနဲ့ ပေါက်ရောက် နိုင်မှု အားနည်းတယ်” ဟု ကိုသန်းလွှင်က ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀) ရက်နေ့ ၌လည်း ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသိန်းဟန် ဦးဆောင်ပြီး အံဒင်ကျေး ရွာမှ သံဃာတော်များ ၊ ဒေသခံများ ဒေသ အခြေစိုက် မီဒီယာ သမားများ၊ ရေးမြို့နယ် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ၊ သဘာဝ သယံဇာတ အရင်းအမြစ်များ တူးဖော် ထုတ်ယူ သုံးစွဲရေး ဆိုင်ရာ ပွင့်လင်း မြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ (EITI) အဖွဲ့တို့မှ ကိုယ်စာားလှယ်များ (၁၅) ဦး ပါဝင်ကာ ဂျပန်နှင့် ထိုင်းနိုင်ငံ များသို့ ကျောက်မီးသွေး ဓါတ်ပုံပေး စက်ရုံ ကောင်းကျိုး ဆိုးကျိုးများ လေ့လာ နိုင်ရန် Toyo Thai ကုမ္ပဏီမှ (၈) ရက်ကြာ လေ့လာရေး ခရီးစဉ် စေလွှတ် ခဲ့ပါသည်။

ထိုလေ့လာရေး ခရီးစဉ် အားလည်း စီမံကိန်း ကန့်ကွက်သည့် အဖွဲ့မှ အပြင်းအထန် ဝေဖန် ခဲ့ကာ ပြည်နယ် အစိုးရနှင့် စီမံကိန်း ဆောက်လုပ်ရေး ကုမ္ပဏီ တို့အကြား လက်ဝါးခြင်း ရိုက်သည့် အစီအစဉ်သာ ဖြစ်၍ ပွင့်လင်း မြင်သာမှု မရှိကြောင်း ထောက်ပြ ပြောဆို ခဲ့ကြသည်။

၎င်း ဓါတ်အားပေး စက်ရုံသည် ထိုင်းနှင့် ဂျပန် ဖက်စပ် ကုမ္ပဏီ တစ်ခု ဖြစ်သည့် Toyo Thai ကုမ္ပဏီမှ တည်ဆောက်ရန် စီစဉ် ထားပြီး လျှပ်စစ် ဓါတ်အား ၁၂၈၀ မဂ္ဂါ ဝပ် ထုတ်လုပ်မည် ဖြစ်သည်။

ကုမ္ပဏီမှ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နှစ်ဆန်း ပိုင်းတွင် စတင် ကွင်းဆင်း လေ့လာ ခဲ့ပြီး အမေရိကန် ဒေါ်လာ သန်း (၂၇၀၀) အကုန်ကျခံ တည်ဆောက် သွားမည် ဖြစ်ကာ အနှစ် (၃၀) စီမံ ကိန်းနှင့် လည်ပတ် သွားမည်ဟု စီမံကိန်း အကျဉ်းချုပ်တွင် ဖေါ်ပြ ထားသည်။

ထိုစက်ရုံ အတွက် အံဒင် ကျေးရွာမှ မြေဧက (၅၀၀) အား အသုံးပြု၍ စက်ရုံ ဆောက်လုပ်မည် ဖြစ်ကာ လိုအပ်မည့် ကျောက်မီးသွေး လောင်စာ များကို သြစတေးလျ၊ တောင်အာဖရိကနှင့် အင်ဒိုနီးရှား နိုင်ငံ များမှ တင်သွင်းမည် ဖြစ်၍ စက်ရုံ လည်ပတ်ရေး အတွက် တစ်လလျှင် ကျောက်မီးသွေး တန်ချိန် ၃၆၀၀၀၀ ကို လောင်စာ အဖြစ် အသုံး ပြုမည် ဖြစ်သည်ဟု ကုမ္ပဏီမှ တာဝန်ရှိသူ များက ဧပြီလအတွင်း ပြုလုပ် ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား ထားသည်။

YSS အဖွဲ့ အနေဖြင့် အံဒင် ကျေးရွာ၌ တည်ဆောက်မည့် ထိုကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ စီမံ ကိန်းအား လာမည့် ဒီဇင်ဘာလ (၁၄) ရက်နေ့၌ ဆန္ဒပြရန် စီစဉ် ထားကာ ၊ ထိုကျောက်မီးသွေး လောင်စာသုံး လျှပ်စစ် ဓါတ်အားပေး စက်ရုံ၏ ဆိုးကျိုးများ အားလည်း ဟောပြောပွဲ ပြုလုပ်ရန် စီစဉ် ထား၍ သက်ဆိုင်ရာ အာဏာပိုင် များ၏ ခွင့်ပြု ချက်အား ယမာန်နေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့ ရခဲ့ပြီ ဖြစ်ကြောင်း ဦးအောင်နိုင်ဝင်းက ဆက်ပြောသည်။

Most read this week