UPWC နှင့် NCCT တို့ သုံးရက်တာ ဆွေးနွေးပြီး စက်တင်ဘာလတွင် ထပ်မံတွေ့ဆုံမည်

UPWC နှင့် NCCT တို့ သုံးရက်တာ ဆွေးနွေးပြီး စက်တင်ဘာလတွင် ထပ်မံတွေ့ဆုံမည်
by -
ကန္တာရဝတီတိုင်း(မ်)

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့NCCT တိုု့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူ စာချုပ်မူကြမ်းအပေါ် သုံးရက်တာ ဆွေးနွေး ညှိနှိုင်းမှု မပြီးပြတ်သေးသဖြင့် လာမည့်လတွင် ထပ်မံ တွေ့ဆုံဆွေးနွေမည်ဟု သိရသည်။

သြဂုုတ်လ (၁၅) ရက်နေ့မှ (၁၇) နေ့ထိ ဆွေးနွေးမှုများသည် အခန်း ၅ ခန်းကျော် ဆွေးနွေး နိုင်ခဲ့ပြီး ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်များအား စက်တင်ဘာလအတွင်း ထပ်မံတွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

ncct-myanmar-peace-center

လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်ခက်ရပ်စဲရေးတွင် အဓိကကျသည့် အခြေခံမူများ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး စသည့်အချက်များ အပြင်အခန်း ၅ ခန်းကျော် ကိုသာ ဆွေးနွေးနိုင်ခဲ့ပြီး ဆွေးနွေးရန် အနည်းငယ် ကျန်ရှိနေသေးကြောင်းသိရသည်။

NCCT အဖွဲ့ဝင် ဗိုလ်ချုပ် ဂွမ်မော်က “ကျနော်တို့ နိုင်ငံမှာရှိတဲ့ ခေါင်းဆောင်များနဲ့ အားလုံးက ကျနော်တို့ရဲ့ ဆွေးနွေးရေးနဲ့ process က တော်တော်ကြာလာပြီလို့ တစ်ချို့က ပြောပါတယ်။ သုံးနှစ်ဆိုတဲ့အချိန်က တကယ်ကို ဆင်းရဲဒုက္ခတွေနဲ့ နှိုင်းယှဉ်ပြီး ကြည့်ရင် အချိန်တော်တော်ကြာတယ်လို့ ပြောလို့ ရပါတယ်။ ဒီသုံးနှစ်ကြာတဲ့အချိန်မှာ ကျွန်တော်တို့က အဓိပ္ပါယ်မရှိတဲ့ ဆွေးနွေးပွဲတွေ လုပ်နေတာ မဟုတ်ဘူးဆိုတာ ဒီကနေ့ အားလုံးကို ကျွန်တော်ပြောပြချင်တာ ဖြစ်ပါတယ်״ ဟု သုံးရက်တာဆွေးနွေးမှုအပြီး သတင်းထောက်များ မေးမြန်ခဲ့ကြစဉ် ပြောဆိုသွားဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖြစ်စဉ်တစ်ခုလုံး ပြောင်းလဲနေပြီး ၃ နှစ် ကြာသည့်ဖြစ်စဉ်တွင် ယခင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ပါဝင်သည့် ပုံစံနှင့် ယခုပါဝင်သည့် ပုံစံမှာ ကွာခြားလာကြောင်း ၎င်းကဆက်ပြောသည်။

“အရင်တုန်းက ဘယ်လိုတိုက်မလဲဆိုတာပဲ စဉ်းစားတယ်။ အခုကျတော့ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး ဆွေးနွေးနေတဲ့ အဆင့်။ ဒါ ဒီ နှစ်နှစ်၊ သုံးနှစ်မှာ သွားနေတဲ့ အဆင့်ဖြစ်ပါတယ်။ လက်ဆုပ်လက်ကိုင်ပြနိုင်ဖို့ တစ်စုံတစ်ရာ ထုတ်ပြန်ချက်တွေ မရှိသော်လည်းပဲ ဆွေးနွေးမှုရဲ့ တိုးတက်မှုဟာ အဲဒီလို ပြောင်းလဲနေတယ် ဆိုတာ ဥပမာ ပြောပြတာ ဖြစ်ပါတယ်״ ဟုဗိုလ်ချုပ် ဂွမ်မော်ကဆက် ပြောသည်။

လက်ရှိလုပ်ဆောင်နေသည့် တစ်နိုင်ငံလုံး အပစ်ခက်ရပ်စဲရေး တွင် ခက်ခဲသည့်အပိုင်းများစွာ ရှိနေကြောင်း အဖွဲ့အစည်များလည်း များပြားသောကြောင့် ဆွေးနွေးရာတွင် အချို့အပိုင်း တွင်အချိန်များစွာ ယူနေရကြောင်း ခက်ခဲသည့်အပိုင်းအား အနည်းငယ်ဖြတ်ကျော် နိုင်ခဲ့ပြီဖြစ်ကြောင်း NCCT အဖွဲ့ဝင် ဦးရွှေမျိုးသန့် ကပြောသည်။

၎င်းက ̏ အချို့ခက်ခဲတဲ့အပိုင်းတွေရှိတဲ့ အတွက် ကျနော်တို့ အခုဆွေးနွေးနေတာတွေက အချိန်ယူရတာဖြစ်ပါတယ် ကြာနေတာ ဘယ်သူမှတမင်သက်သက် ကြာအောင်လုပ်နေကြတာ မဟုတ်ပါဘူးပေါ့ နှစ်ဖက်လုံးကတော့ အဲ့ဒါကိုလူထုတွေ နားလည်နိုင်အောင်းပြောပြချင်ပါတယ်״ ဟုကန္တာရဝတီတိုင်း(မ်) သို့ပြောသည်။

နှစ်ဖက် ဆွေးနွေးမှုအပြီး ထပ်မံ ဆွေးနွေးညှိနှိုင်းရန် ကျန်ရှိသည့် အချက်အနည်းငယ်အား စက်တင်ဘာလ တွင် နှစ်ဖက်တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကြရန် သဘောတူ ကြသည်။

Most read this week