မလေးရှားနိုင်ငံရှိ တောင်ပေါ်ဒေသ ကရင်အလုပ်သမား ၁၀၀ ကျော်ကို MKO သွားရောက်ဆေးကု

မလေးရှားနိုင်ငံရှိ တောင်ပေါ်ဒေသ ကရင်အလုပ်သမား ၁၀၀ ကျော်ကို MKO သွားရောက်ဆေးကု
by -
ကေအိုင်စီ

မလေးရှားနိုင်ငံရှိ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသော တောင်ပေါ်ဒေသအချို့တွင် အလုပ်လုပ်ကိုင်နေသည့် ကရင်အလုပ်သမား ၁၀၀ ကျော်ကို မလေးရှားနိုင်ငံ၊ ကွမ်လာလမ်ပူမြို့အခြေစိုက် မလေးရှားကရင်အဖွဲ့အစည်း (MKO)မှ ဦးဆောင်ပြီး MEMSA (Malaysian Emergency Medical Association )အဖွဲ့နှင့်အတူ နှစ်ရက်တာ သွားရောက်ဆေးကုသပေးခဲ့သည်ဟု သိရသည်။

အဆိုပါ သွားရောက်ကုပေးသောနေရာတွင် မလေးရှားနိုင်ငံ ကလတန်းပြည်နယ် မာတကဒေသနှင့် ဗာဟန်း ပြည်နယ် ယူရုကာရီ၊ ဆူကိုင်းပတွန့် တောင်ပေါ်ဒေသတို့တွင် ကရင်အလုပ်သမားများကို ၎င်းတို့အဖွဲ့က ဇူလိုင် ၂၀ ရက်နေ့မှ ၂၁ရက်နေ့အထိ သွားရောက်ဆေးကုသပေးခြင်းဖြစ်သည်ဟု သွားရောက်ဆေးကုမှုအဖွဲ့တွင် ဦးဆောင်ခဲ့သူ MKO ဥက္ကဌ မန်းဒုံယောင်းက ကေအိုင်စီသို့ ပြောသည်။

IMG 73011

“လက်ရှိ သွားရောက်ကုပေးသောနေရာတွေမှာ လူအများစုခံစားရတဲ့ ရောဂါတွေကတော့ သွေးအားနည်းရောဂါ၊ ငှက်ဖျားရောဂါ၊ ရင်ကြပ်၊ ခါနားကိုက်ခဲ စတဲ့ ရောဂါတွေနဲ့ လာရောက်ကုသခံယူမှှုအများဆုံး တွေ့ရတယ်။ သူတို့အများစုဟာ ခြံအလုပ်ကြမ်းအလုပ်တွေကို လုပ်ရတဲ့ လူတွေဖြစ်ပါတယ်”ဟု မန်းဒုံယောင်းက ပြောဆိုသည်။

ကရင်အလုပ်သမားများသည် တောင်ပေါ်ဒေသရှိ စိုက်ခင်းခြံများတွင် အလုပ်ကြမ်းလုပ်ရသကဲ့သို့ ဓာတုပစ္စည်း ပါ၀င်သည့် ပိုးသတ်ဆေးများအမြဲကိုင်ရသောကြောင့် အဆိပ်မိပြီး ရောဂါဖြစ်လာသော်လည်း ကောင်းစွာ ဆေးကုသခွင့် မရကြကြောင်းလည်း မန်းဒုံယောင်းက ဆက်ပြောသည်။

ထို့အပြင် အဆိုပါတောင်ပေါ်ဒေသ နေရာများသို့ အလုပ်သွားလုပ်သော အလုပ်သမားများသည် အာမခံချက် များ လုံခြံုမှှုများမရှိသည့်အပြင် မိန်းမယောက်ျား မခွဲခြားဘဲ တန်းတူအလုပ်လုပ်ရပြီး အလုပ်ချိန်အတွင်းရရှိသည့် ဒဏ်ရာများကိုလည်း အလုပ်ရှင်များမှ တာဝန်ယူကုသခွင့် မရှိကြောင်း အလုပ်သွားရောက်လုပ်ကိုင်သည့် ကရင်အလုပ်သမားများက ပြောသည်။

ဆေးလာရောက်ကုသမှုခံယူသူ ကရင်အလုပ်သမားတစ်ဦးဖြစ်သည့် နန်းမူးအိုင်က “ကျမက စက်ကြီးထမ်းပြီး မြက်ရိတ်ရတာဆိုတော့ ရင်ဘတ်နာကိုက်ခဲပြီး နေမကောင်းဖြစ်လို့ ဆေးလာရောက်ကုသတယ်။ ကျမတို့က တခြားနေရာကို ဆေးသွားကုဖို့ သွားရတာ အရမ်းဝေးတယ်။ ဒီနေရာကို ဆေးလာရောက် ကုသပေးတာ ဒီအဖွဲ့ကလွဲပြီး တစ်ခြားအဖွဲ့မရှိဘူး။ အရင်နေမကောင်းဖြစ်ရင် သူဌေးတွေဆီကို တောင်းရတယ်။ သူဌေးက ၀ယ်ပေးပြီး လစာကနေလည်း ပိုက်ဆံနှုတ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ၎င်းတောင်ပေါ်ဒေသတွင် ကွမ်လာလမ်ပူမြို့တော်ရှိ MKO ရုံးအခြေစိုက်ရာနေရာမှ ၄နာရီ ကားမောင်း ရပြီး ဆေးသွားရောက်ကုပေးရာတွင် ရောဂါဝေဒနာ ပိုခံစားရသောသူများကို MKO ရုံးသို့ ခေါ်ယူလာကာ ဆေးကုသမှုများပြုလုပ်ပေးသကဲ့သို့ ခေါ်ယူစောင့်ရှောက်ပေးရသူများလည်း ရှိသည်ဟု MKO အဖွဲ့က ဆိုသည်။

မလေးရှားနိုင်ငံ၌ အတိဒုက္ခရောက်နေသော ကရင်လူမျိုးများကို ကူညီရန် ရည်ရွယ်၍ မလေးရှားနိုင်ငံရောက် ကရင်များက ၂၀၀၀ ခုနှစ်တွင် Malaysia Karen Youth Organization(MKYO)ဖွဲ့စည်းခဲ့ပြီးနောက် ၂၀၀၅ ခုနှစ် မလေးရှားကရင်အဖွဲ့အစည်း(Malaysia Karen Organizarin-MKO)ကို ပြန်လည်ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

Most read this week