မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွင်း Proportional Representative(PR)စနစ် (ခေါ်) မဲအချိုးကျစနစ်ဖြင့် အချိန်တိုအတွင်း ကျင့်သုံးပါက ကရင်ပြည်နယ်တွင် နိုင်ငံရေးရှုတ်ထွေးလာကြောင်း ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ (PSDP)က ပြောဆိုလိုက်သည်။
ယခု ဇွန် ၁၁ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် အမျိုသားလွှတ်တော်အစည်းအဝေးတွင် PR စနစ် အတည်ပြုရေးအ တွက် လွှတ်တော်ကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ်ခဲ့ရာ (၈၅)ဦးကန့်ကွက်ပြီး (၁၁၇)ဦး ထောက်ခံမဲဖြင့် အတည်ပြုခဲ့ပြီးနောက် PSDP က ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

“၂၀၁၀ တုန်းကတောင်မှ အမှားအယွင်းတွေ ရှိခဲ့တာသေးတာပဲ။ ဒီ PR စနစ်ကို အချိန်တိုအတွင်း လုပ်မယ်ဆိုရင် အမှားအယွင်း တွေနဲ့ နိုင်ငံရေးရှုတ်ထွေးလာနိုင်တာတွေ ဖြစ်လာမယ်။ ကျနော်တို့ ပါတီကတော့ ဒီစနစ်နဲ့ ပတ်သက်ပြီး အခြေအနေကြည့်ပြီး တော့ ပြည်သူတွေနဲ့ ဆန္ဒဖေါ်သင့်ရင် ဖေါ်ထုတ်ရမယ်”ဟု PSDP ဥက္ကဌ မန်းအောင်ပြည်စိုးက ကေအိုင်စီသို့ ပြောသည်။
PR စနစ်သည် ရွေးကောက်ပွဲအတွင်း နိုင်သူအကုန်ယူစနစ် မဟုတ်ဘဲ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိထားသည့် မဲအရေအ တွက်အပေါ် မူတည်၍ အချိုးကျ ကိုယ်စားလှယ် ရွေးချယ်သည့်စနစ်ဖြစ်ပြီး ထိုသို့ PR စနစ် လက်ခံကျင့်သုံးလိုသည့် နိုင်ငံရေး ပါတီများမှာ ရွေးကောက်ပွဲတွင် နိုင်ခြေနည်းသည်ဟု ယူဆကြသည့် ပါတီများဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းများက သုံးသပ်နေကြသည်။
ယင်းစနစ်နှင့် ပတ်သက်၍ ကရင်ပြည်နယ် ဒေသခံလူငယ်တစ်ဦးဖြစ်သူ စောစိန်ထွေးက “PR စနစ်ကတော့ ပြည်သူတွေက ဘာ မှန်းတောင် မသိသေးဘူး။ ကျင့်သုံးရင် အခုချိန်မှာ မဖြစ်နိုင်သေးဘူးလို့ ထင်တယ်။ ဒေသခံတွေက နိုင်ငံရေးကို စိတ်ပျက်လာမှု တွေ ရှိလာနိုင်ပြီး နိုင်ငံရေး ရှုတ်ထွေးမှုတွေ ဖြစ်လာနိုင်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အမျိုးသားလွှတ်တော်မှ အတည်ပြုသွားသည့် PR စနစ် ကျင့်သုံးပါက တိုင်းရင်းသားပါတီများအတွက် အကျိုးနည်းသွားနိုင်သည့် အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် လက်ခံမှုမရှိဟု ကရင်ပြည်နယ်အခြေစိုက် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နန်းခင်ထွေးမြင့်က ဆိုသည်။
သူမက “လွှတ်တော်မှာ PR စနစ်ကို အတည်ပြုတာက သူတို့(ပြည်ခိုင်ဖြိုးပါတီ) လူတွေများလိုပါ။ သူတို့ဖြစ်ချင်တာကိုဖြစ်အောင် လုပ်သွားမှာပေါ့။ NLD အနေနဲ့ PR စနစ်က သိပ်ထိခိုက်သွားမှာတော့ မဟုတ်ဘူးဆိုပေမယ့် ဒေသခံတိုင်းရင်းသားပါတီတွေ ဘက်ကတော့ အကျိုးနည်းသွားမှာပေါ့။ ဒေသခံပါတီ နစ်နာမှာကို ကျမတို့ စိုးရိမ်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအတွင်း ကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်မှာ First Past The Post (FPTP) စနစ်ဖြစ်ပြီး မဲအများရရှိသူသည် အနိုင်ရသည့်စနစ်ဖြစ်ပြီး လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှစ၍ ကျင့်သုံးရန် အမျိုးသား လွှတ်တော်မှ အတည်ပြုထားသည့် PR စနစ်သည် ကမ္ဘာတဝှမ်း နိုင်ငံများရှိ ကျင့်သုံးမှု အနည်းဆုံးစနစ်ဖြစ်ကြောင်း သိရသည်။



