ကရင်လူငယ်ခေါင်းဆောင်မှုသင်တန်း ပုသိမ်မြို့တွင် ပထမဦးဆုံးအကြိမ် စတင်ပြုလုပ်

ကရင်လူငယ်ခေါင်းဆောင်မှုသင်တန်း ပုသိမ်မြို့တွင် ပထမဦးဆုံးအကြိမ် စတင်ပြုလုပ်
by -
ကေအိုင်စီ

ကရင်လူငယ် မိဿဟာယအဖွဲ့က ဦးဆောင်ကာ ကရင်လူငယ်ခေါင်းဆောင်မှုသင်တန်းကို ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မရမ်းချောင်းကျေးရွာ ကက်သလစ်သာသနာဝင်းရှိ ခမ်းမ၌ မေ ၂၀ရက်မှ ၂၃ရက်နေ့အထိ ပထမဦးဆုံးအကြိမ် စတင်ပြုလုပ်ခဲ့ ကြောင်း သိရသည်။

၎င်းသင်တန်းကို တိုင်းဒေသကြီးအတွင်းရှိ လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးပြီး စည်းလုံးမှုရှိစေရန်၊ မျိုးနွယ်စု ဘာသာစကား၊ ကိုးကွယ်ယုံကြည်မူ၊ အယူဝါဒမခွဲခြားဘဲ ဒေသတိုးတက်ရေး ၀ိုင်းလုပ်ကိုင် တတ်စေရန်နှင့် ယခုတွေ့ဆုံပွဲမှတဆင့် လူမူဘဝတိုး တက်ရေး အခွင့်အလမ်းများ၊ အတွေ့အကြံု အသိပညာများကို နှီးနှောဖ လှယ်ဆွေးနွေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ကရင်လူငယ်မိ ဿဟာယအဖွဲ့ဝင်တစ်ဦးဖြစ်သူ စအောင်မြင့်ဦးက ပြောသည်။

“သင်တန်းမှာ သင်တာကတော့ ကရင်လူငယ်များနှင့် ခေါင်းဆောင်မူစွမ်းရည်အကြောင်းကို စာတွေ့၊ လက်တွေ့ သင်ပေးတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ကရင်လူငယ်မိဿဟာယအနေနဲ့ ပထမဦးဆုံးလုပ်တဲ့ သင်တန်းဖြစ်တယ်”ဟု စအောင်မြင့်ဦးက ကေအိုင်စီသို့ ပြောဆိုသည်။

လေးရက်ကြာပို့ချသည့် သင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၀မြို့နယ်ရှိ ဘာသာရေး၊ လူမူရေး၊ တက္ကသိုလ်များတွင် ဦးဆောင်ပါ၀င်နေသည့် လူငယ်များ၊ မြို့နယ်အသီးသီးတွင် ကရင်စာသင်ကြားပေးနေသည့် လူငယ်ဆရာ၊ ဆရာမများ အပါအဝင် စုစုပေါင်း လူငယ် ၁၀၀ဦး တက်ရောက်ကြကြောင်း သိရသည်။

သင်တန်း၌ ညနေပိုင်းတွင် ပုသိမ်ကက်သလစ်သာသနာ၊ ဂရုဏာလူမူကူညီရေးအဖွဲ့ ဒါရိုက်တာ ဖာသာဟင် နရီမန်းအိုင်ခလိန်နှင့် အမေရိကန်အစိုးရက ချီးမြှင့်သည့် Gold Star Award ဆုရ ဆရာမနန့်အက်စတာတို့က ခေါင်းဆောင်မှုပညာနှင့်ပတ်သက်၍ လာရောက်သင်ကြားပေးလျှက်ရှိကြောင်း သင်တန်းတက်ရောက်သူများက ပြောဆိုသည်။

ယင်းသင်တန်းတက်ရောက်နေသည့် ဟသာင်္တတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်၊ ဘူမိဗေဒ ဒုတိယနှစ် ကျောင်းသား စောခူ ရှီးထူးက “သင်တန်းမှာ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး တဦးနဲ့တဦး ပွင့်ပွင့်လင်းလင်း အမြင်ဖလှယ်လို့ ရတယ်။ အထူးသဖြင့် လက်တွေ့ ပြဿနာဖြေရှင်းတဲ့အပိုင်းကို ပိုပြီး သိရှိနားလည်လာတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်လူငယ်မိဿဟာယအဖွဲ့ကို နေရာဒေသအသီးသီးရှိ ကရင်လူငယ်အရေး လုပ်ဆောင်နေသူများက ၂၀၁၁ခုနှစ်က စတင် မိတ်ဖွဲ့ ချိတ်ဆက်ထားခြင်းဖြစ်ပြီး လူငယ်များနှင့် ပတ်သက်သည့် စာပေ၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း များ လုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

Most read this week