သန်းခေါင်စာရင်းကောက်များ လူမျိုးသင်္ကေတ ကုဒ်နံပါတ် နားလည်မှုအားနည်း

သန်းခေါင်စာရင်းကောက်များ လူမျိုးသင်္ကေတ ကုဒ်နံပါတ် နားလည်မှုအားနည်း
by -
မိုင်ဒေါ့သ်သဲ (Chin World ဂျာနယ်)

ချင်းပြည်နယ်တွင်း၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရာတွင် လူမျိုးနှင့် လူမျိုးနွယ်စု အကြောင်းအရာများကို စာရင်းကောက်ဆရာ၊ ဆရာမများက ကိုယ်တိုင်နားမည်သော ကြောင့် ပြန်လည်ရှင်းပြန်ရကြောင်း သိရသည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော် မတီ၏ ညှိနှိုင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က “မင်းပြားဘက်မှာဆိုရင် အရှိုမျိုးနွယ်စုတွေက အရှိုတွေရဲ့ ကုတ်နံပါတ်ကို ပြောတော့ စာရင်းကောက်တွေက ငြင်းတယ်ပေါ့။ ချင်းရဲ့ကုတ်နံပါတ် ၄၀၁ ပဲထည့်ရမယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် အဲဒီအိမ်က နားလည်တဲ့သူက စာရင်းကောက်တွေကို ပြန်ရှင်းပြတယ်။ အဲဒီတော့ အဆင်ပြန်ပြေသွားတာ” ဟု  ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသားအထောက်အကူပြုကော်မတီက သန်းခေါင်စာရင်း ကောက်ယူရာတွင် ဒေသခံများ ကြံုတွေ့ရသည့် အခက်အခဲများအား သတင်းရယူရန် စောင့်ကြည့်ရေးအဖွဲ့ များဖြင့် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

ထို့အတူ မကွေးမြို့ရှိ ချင်းလူမျိုးအချို့သည်လည်း သန်းခေါင်စာရင်းထည့်သွင်းရာတွင် မိမိတို့လူမျိုးစုကုတ်နံ ပါတ်ကို ပြောဆိုသော်လည်း စာရင်းကောက်များက ငြင်းပယ်ကာ အခြားချင်းကုတ်နံပါတ်၌ဖြည့်သွင်းမှုများရှိ နေကြောင်း မကွေးမြို့ ကားစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသော အိုက်အောင်လင်းထွန်းက ပြောသည်။

“သန်းခေါင်စာရင်းလာကောက်တယ်။ လူမျိုးစာရင်းမှာ ချင်းကုတ်နံပါတ် ၄၀၅- ခူမီးဆိုပြီး ဖြည့်ဖို့လုပ်တယ်။ အဲဒီမှာ မဟုတ်ဘူးဆိုပြီး မထည့်ခိုင်းဘူး။ အဲဒါက မျိုးနွယ်စုကုတ်ပဲဆိုပြီး ချင်းကုတ်နံပါတ် ၄၀၁ မှာပဲ
ဖြည့်ခိုင်းတယ်။ ပြောရင်လည်း မရဘူးလို့ပဲပြောတယ်။ ဘယ်လိုမှ ပြောမရတာကြောင့် ၄၀၁ မှာပဲဖြည့်လိုက် ရပါတယ်”

သန်းခေါင်စာရင်းတွင် မိမိမျိုးနွယ်စုအမည်ကို မိမိတို့ဆန္ဒအလျောက်ထည့်သွင်းခွင့်ရှိသည်ဟု ဗဟိုသန်းခေါင် စာရင်း ကောက်ယူရေးအဖွဲ့မှ ပြောကြားထားသော်လည်း ယခုကဲ့သို့ မျိုးနွယ်စုအမှန် ဖြည့်သွင်းခွင့်မရခြင်း ကြောင့် မျိုးနွယ်စုလူဦးရေစာရင်း မမှန်မကန်ဖြစ်မည်ကို စိုးရိမ်ပူပန်လျှက်ရှိကြောင်းသိရသည်။

Most read this week