ကရင်နီပြည်မြေမြုပ်မိုင်း ရှင်းလင်းရေး ဆွေးနွေးဆဲ

ကရင်နီပြည်မြေမြုပ်မိုင်း ရှင်းလင်းရေး ဆွေးနွေးဆဲ
by -
ကန္တာရဝတီတိုင်း(မ်)

မြေမြုပ်မိုင်းတွေရှင်းလင်းနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့အပြင် အစိုးရကိုလည်း ချဉ်းကပ်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိနေပေမယ့် နိုင်ငံတော် သမ္မတကလက်မှတ်ရေး ထိုးပြီးမှသာလျှင် လက်တွေ့အကောင်အထည်ဖော်နိုင်မယ်လို့ ကေအဲန်ပီပီ ဒု-ဥက္ကဌ ခူဦးရယ်က အခုလိုပြောသွား ခဲ့ပါတယ်။

“လောလောဆယ်မှာကတော့ အစိုးရဘက်ကတော့ သူတို့ပြောတာ မြေမြုပ်မိုင်းနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ မူပေါ်လစီတွေကို လွတ်တော်ကနေပြီးတော့ ဆွေးနွေးနေတယ်။ အဲ့ဒီတော့ လွတ်တော်က ရေးဆွဲပြဌါန်းမယ့် မြေမြုပ်မိုင်းဆိုင်ရာ ဥပဒေကိုသမ္မတက လက်မှတ်ရေးထိုး အတည်ပြုပြီးမှပဲ လက်တွေ့အကောင်အထည်ဖော်တာ ပိုပြီးတော့ စနစ်တကျဖြစ်မယ်လို့ ပြောပါတယ်”

ခြွင်းချက်အနေနဲ့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ နေရပ်စွန့်ခွါရတဲ့သူတွေအတွက် ပြန်လည်နေရာချထားမယ့် အစီအစဉ် ရှိခဲ့မယ်ဆိုရင် နှစ်ဖက်က ကိုယ်စားလှယ်တွေ၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြန်လည်နေရာချထားမယ့် ဒေသတွေမှာ မြေမြုပ်မိုင်းတွေ ရှင်းလင်းဖို့ သဘောတူညီမှုတွေ ရှိကြတယ်လို့  ခူဦးရယ်က ပြောသွားပါတယ်။

“လွှတ်တော်က သူတို့အတည်ပြု ပြဌါန်းပြီးမှပဲ သမ္မတက လက်မှတ်ရေးထိုးပြီးမှပဲ အတည်ဖြစ်မယ်ဆိုတဲ့ သဘောကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကလည်း ဘယ်အချိန်ဖြစ်မလဲဆိုတာကို ကျတော်တို့လည်း မသိပါဘူး။ သူတို့လည်း မပြောနိုင်ပါဘူး”

အိုင်ဒီပီတွေကို ပြန်လည်နေရာချထားမယ့် နေရာဒေသတွေမှာ ဘဝလုံခြံုစိတ်ချစေဖို့အတွက်၊ သွားလာတဲ့နေရာ တွေမှာရော၊ အခြေချနေထိုင်တဲ့နေရာတွေမှာပါ မြေမြုပ်မိုင်းတွေ တကယ်ရှိမရှိဆိုတာ သေချာစိတ်ချစေ ဖို့အတွက် မြေမြုပ်မိုင်းရှင်းလင်းရေး ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ဆွေးနွေးချက်ကိုတော့ ဇွန်လက ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ KNPP နဲ့ အစိုးရ တို့သဘောတူ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

ကယားပြည်နယ်ဒေသအတွင်း စစ်ဖြစ်ပွားခဲ့ရာဇုံတွေမှာတော့ မြေမြုပ်မိုင်းတွေ အများအပြားရှိပြီး မြေမြုပ်မိုင်း ထောင်ထား တဲ့ နေရာကို အတိအကျသိဖို့ခက်ခဲတဲ့အခြေအနေမှာ ရှိနေတယ်လို့ ကန္တာရဝတီတိုင်း(မ်) အယ်ဒီတာ ခူစေးရယ်စိုးက ပြောပြ သွားပါတယ်။

“တိတိကျကျမသိဘူး ပြဿနာက ဘယ်နေရာမှာရှိလဲ၊ ဘယ်လိုဖော်ရမလဲ၊ ဘယ်လိုမျိုးမိုင်းအမျိုးအစားလဲ၊ အဲဒါတွေပေါ့နော်။ အဲဒါတွေမသိဘူးဆိုတော့ အဲ့ဒီအခြေအနေက တအားအန္တရာယ်ရှိတယ်ပေါ့နော်။ ဆိုတော့ ကျတော်တို့ ဒီအချိန်မှာ အဲဒီကိစ္စကို ရှင်းဖို့က
ဥပမာ တကယ့်မိုင်းထောင်တဲ့သူတွေ သက်ဆိုင်တဲ့သူတွေ နှစ်ဦးနှစ်ဖက်က တကယ်စေတနာမှန်မှန်နဲ့ သူတို့လုပ်ဖို့ လိုတယ်ပေါ့နော်”

မြေမြုပ်မိုင်းရှင်းလင်းရေးကိုကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ အစိုးရတို့အကြား မကြာခဏဆွေးနွေးဖြစ် ခဲ့ကြပေမယ့် လက်တွေ့ အကောင်အထည်ဖော်မှု အားနဲနေတယ်လို့လည်း သူကဆက်လက် ပြောကြားသွား ပါတယ်။

“ဒီကိစ္စတွေက စားပွဲဝိုင်းပေါ်မှာပဲ ပြီးသွားလေ့ရှိတယ်။ တကယ့်တကယ် လက်တွေ့ပိုင်းမှာဝင်လာတဲ့ အခါကြတော့ သူတို့လုပ်တာမရှိဘူး။ အဲဒီအပိုင်းမှာလည်း ရှုပ်ထွေးမှုတွေရှိတယ်။ အဲလိုမျိုး ရှုပ်ထွေးမှုတွေ ရှိနေတဲ့အတွက် ကြောင့် ဟိုဖက်၊ ဒီဖက် လက်တွေ့မလုပ်နိုင်တာ ဖြစ်တယ်လေ။ ဒါပေမယ့် ဒီကိစ္စကတော့ ဘယ်လိုပဲဖြစ်ဖြစ် စားပွဲဝိုင်း နောက်ထပ်တခု ထပ်ရှိအုံးမယ်၊ ထပ်ဆွေးနွေးမယ် သဘောတူကြမှာပဲ ဒီမြေမြုပ်မိုင်းကိစ္စနဲ့ ပတ်သက်ပြီးတော့မှလေ”

မြေမြုပ်မိုင်းကြောင့် ပဋိပက္ခဖြစ်ရတာ၊ ကိုယ်လက်အင်္ဂါမသန်မစွမ်းဖြစ်ရတာတွေ၊ အသက်ဆုံးရှုံးရတာတွေ၊ အိမ်မွေး တိရိစ္ဆာန် တွေဆုံးရှုံးရတာတွေလဲရှိပြီး  အဓိကလူတွေရဲ့ အသက်လုံခြံုမှုကို တိုက်ရိုက်ကြီး အန္တာရယ်ပေးနေတယ်လို့လည်း ကန္တာရဝတီတိုင်း(မ်)  အယ်ဒီတာခူစေးရယ်စိုးက ပြောပါတယ်။

ကယားပြည်နယ်တွင် မိုင်းအများဆုံးဒေသများမှာ မော်ချီး၊ ရှားတောနှင့် ထိုင်းမြန်မာ နယ်စပ်တလျောက် တွင်ဖြစ်ပြီး လောပိတ တခွင်နှင့် လျှပ်စစ်မီးတိုင်ကြီးများအောက်တွင်လည်း မြေမြုပ်မိုင်းများ အများအပြား ရှိနေပါတယ်။

ကရင်နီဒေသမှာ အစိုးရတပ်ဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကပါ မြုပ်နှံထားတဲ့ မြေမြုပ်မိုင်းအရေအတွက် တသောင်းကျော်ရှိမယ်လို့လဲ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ခေါင်းဆောင်တွေက ခန့်မှန်းထားပါတယ်။

Most read this week