KIO ဟု စွပ်စွဲခံရသူ ဦးလထော် ဘရန်ရှောင်အား ထောင်ဒဏ် ၂ နှစ် ချမှတ်

KIO ဟု စွပ်စွဲခံရသူ ဦးလထော် ဘရန်ရှောင်အား ထောင်ဒဏ် ၂ နှစ် ချမှတ်
by -
မဇ္ဈိမ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့ဝင်ဟု သံသယဖြင့် ဖမ်းဆီးခံထားရသူ စစ်ပြေးဒုက္ခသည် ဦးလထော်ဘရန်ရှောင်၏ အမှုကို ဇူလိုင်လ ၁၈ ရက်တွင် အပြီးသတ် လျှောက်လဲချက် ပေးပြီးနောက် ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု သူ၏ ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

kbc

“ဒီနေ့ လျှောက်လဲချက်ပေးတဲ့နေ့ဖြစ်တယ်၊ နှုတ်နဲ့လည်း လျှောက်လဲတယ်။ ခဏဆိုရင် စီရင်ချက် ချမယ်ဆိုပြီး အမိန့်ချလိုက်တယ်။ ဥပဒေအရာရှိက နှုတ်နဲ့ မပြောဘူး။ စီရင်ချက်ချတဲ့စာကို ဖတ်ပြပြီးတော့ အမိန့်ချလိုက်တယ်။ အဲဒီစာက နဂိုကတည်းက ရေးထားပြီးသားဘဲ။ ဒါကို ကြည့်ရင် ကျနော့်ဘက်က လျှောက်လဲချက်ပေးတာကို သူ့ဘက်က ပြန်သုံးသပ်တာ မရှိဘူးဆိုတာ တွေ့လိုက်ရတယ်” ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်

မွန်းလွဲ ၁၂ နာရီမှစတင်၍ ဦးဘရန်ရှောင်၏ ရှေ့နေက စာရွက် ၃၀ မျက်နှာပါရှိသော လျှောက်လဲချက်ကို ပေးခဲ့ပြီး မကြာမီ  မတရားအသင်း ပုဒ်မ ၁၇(၁) ဖြင့် မြို့နယ် တရားသူကြီး ဦးမြင့်ထူးက ကြိုတင် ယူဆောင်လာသာ စာရွက်ဖတ်ပြကာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ပုံမှန်အားဖြင့် အမှုသည်၏ ရှေ့နေက တရားရုံးသို့ အပြီးသတ် လျှောက်လဲချက်ကို တရားသူကြီးက ပြန်လည် သုံးသပ်ကာ နောက်တကြိမ် ရုံးချိန်းတွင် အမိန့်ချမှတ်ခြင်းဖြစ်သော်လည်း ချက်ချင်း အမိန့်ချမှတ်လိုက်ခြင်းအပေါ် တရားမျှတမှု မရှိကြောင်းကို တွေ့မြင်ခဲ့ရသည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

“တရားရုံးက တရားမမျှတမှု မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း တွေ့ရတယ်။ ဦးဘရန်ရှောင်ရဲ့ အမှုက ဥပမာတခုဘဲ။ သက်သေအထောက်အထားဘာမှ မရှိဘဲနဲ့ အမိန့်ချတယ်။ ဒီလို အမိန့်ချတာကို လုံးဝ တရား မျှတမှု မရှိဘူး။ ကျနော်တို့မှာ လုံခြံုမှု မရှိဘူး။ ဦးဘရန်ရှာင်က သူက တကယ်ဘဲ KIO မဟုတ်ခဲ့ဘူးဆိုတာ ကျနော် သက်သေတွေနဲ့ တင်ပြခဲ့တယ်”ဟု သူက ဆက်ပြောသည်။
 
ဦးဘရန်ရှောင်၏ အမှု အပြီးသတ်လျှောက်လဲချက် ပေးမည့် ရုံးချိန်း ဇွန်လ ၁၃၊ ၁၇၊ ၂၇ နှင့် ဇူလိုင်လ ၁၁ ရက်နေ့များတွင် ၄ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ပြီးနောက် ယနေ့ မှာ အပျက်မကွက် လျှောက်လဲချက်ပေးရန် မြို့နယ် တရားသူကြီး ဦးမြင့်ထူးက ရွှေ့ဆိုင်းခဲ့သည်။
 
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဂျန်မိုင်ကောင်ဒုက္ခသည်စခန်းသို့ သွားရောက်စဉ် ဦးဘရန်ရှောင်၏ အမှုအား တရားလွှတ်တော်၏ စီရင်ချက်ချပြီးနောက် တပတ်အတွင်း လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။
 
“ဦးအောင်မင်းကနေ တပတ်အတွင်း လွတ်ပေးမယ်လို့ ပြောတယ်။ ဒီလို ဦးဘရန်ရှောင်ရဲ့ အမှုကို သူ့စကားနဲ့သူ မလုပ်ဘူးဆိုရင်တော့ သူ့စကားကို ယုံဖို့ အရမ်းခက်ခဲမယ်” ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ဦးဘရန်ရှောင်အား ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်းမှ ဖောက်ခွဲမှုဖြင့် အမှတ် (၁) ရဲစခန်းမှ ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့ ဒုရဲအုပ် ကျော်မျိုးနိုင်နှင့် အဖွဲ့က ဖမ်းဆီးခံခဲ့ရသည်။ နောက်ပိုင်းတွင် မတရားအသင်း ပုဒ်မ ၁၇(၁)ဖြင့် ပြောင်းလဲ တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဦးဘရန်ရှောင်အား မတရားအမိန့်ချမှတ်ခြင်းနှင့် ပတ်သက်၍ မတရားအမိန့်ချမှတ်ခြင်းကို လာမည့် တပတ်အတွင်း လူထုရှင်းလင်းပွဲ တခု ကျင်းပမည် ဖြစ်ကြောင်း ဦးဂျီမာခါးက ပြောသည်။ ထို့ပြင် တရားရုံးအဆင့်ဆင့်သို့ ဆက်လက် အယူခံဝင်သွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week