မူးယစ်ဆေးဝါးဆိုင်ရာ လူမှုရေးပြဿနာများ အဖြေရှာနိုင်ရန် ရှမ်းပြည်နယ်တွင် ဆွေးနွေး

မူးယစ်ဆေးဝါးဆိုင်ရာ လူမှုရေးပြဿနာများ အဖြေရှာနိုင်ရန် ရှမ်းပြည်နယ်တွင် ဆွေးနွေး
by -
မဇ္ဈိမ

ဒေသတွင်း ဖြစ်ပေါ်နေသော မူးယစ်ဆေးဝါးဆိုင်ရာ လူမှုရေးပြဿနာများအား အဖြေရှာနိုင်ရန် ရှမ်းပြည်နယ်၊တောင်ကြီးမြို့တွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းနှင့် အစိုးရမဟုတ်သော အရပ် ဖက် လူမှုအဖွဲ့အစည်း ၁၈ ဖွဲ့ ပထမဆုံးအကြိမ် ဆွေးနွေးကြသည်။

ယင်းဆွေးနွေးပွဲကို ဇူလိုင် ၁၆ ရက်က တောင်ကြီးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြီး အရပ်ဖက် လူမှုအဖွဲ့ အစည်းဖြစ်သည့် မေတ္တာဖောင်ဒေးရှင်းအဖွဲ့မှ ဦးဆောင်ကျင်းပခြင်း ဖြစ်သည်။ ဆွေးနွေးပွဲ ကျင်းပရသည့် အဓိကအချက်မှာ ရှမ်းပြည်နယ်အတွင်းမှ မူးယစ်ဆေးဝါးပြဿနာများနှင့် ပတ်သက်ပြီး အရပ်ဖက်လူ့အဖွဲ့ အစည်းများအနေဖြင့် ပူးပေါင်း အဖြေရှာနိုင်မည်များကို ဆွေးနွေးခြင်း ဖြစ်သည်။

မေတ္တာဖောင်ဒေးရှင်းအဖွဲ့မှ မစန်းဝေက “ပွဲတော်တော်များများကလည်း နိုင်ငံတော်အဆင့်လုပ်တာပဲ ရှိခဲ့ တယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းတွေအနေနဲ့ ဆွေးနွေးပွဲ ရလဒ်ကို အခြေခံပြီးတော့ လုပ်သွားနိုင်တဲ့ သူ တွေ လုပ်သွားဖို့ ကျွန်မတို့က လမ်းဖွင့်ပေးခြင်း ဖြစ်တယ်”ဟု ဆိုသည်။

မေတ္တာဖောင်ဒေးရှင်းအဖွဲ့သည် ၂၀၀၃ ခုနှစ်ကစ၍ နိုင်ငံတော်အစီအစဉ်ဖြင့် ဘိန်းစိုက်တောင်သူများအတွက် ဘိန်းအစားထိုး စိုက်ပျိုးရေး၊ မွေးမြူရေးများ လုပ်ကိုင်နို်င်ရန် ကူညီပေးနေသည့် အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ၏ ရှမ်းပြည်နယ် တောင်ပိုင်း အတွင်းရေးမှူး ဒေါ်နန်းမိုမိုသီတာက “ကျွန်မတို့ MANA အနေနဲ့ကတော့ သုံးစွဲမှု လျော့ချရေး၊ ပြည်သူတွေကြား မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီးတော့ အသိပညာပေး လုပ်ဆောင်တာတွေ ဟောပြောတာတွေ၊ လုပ်ဆောင်နေတယ်၊ ဆွေးနွေးပွဲ ရလဒ်ကို အခြေခံပြီးတော့လည်း ကျွန်မတို့ အဖွဲ့အစည်းမှာရှိတဲ့ မူဝါဒတွေအတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားမယ်” ဟု မဇ္စျိမကို ပြောသည်။

ယင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင်၊ မူးယစ်အထူးတပ်ဖွဲ့မှ ဒုရဲအုပ်စောလေးဝါး၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု အဖွဲ့များနှင့် စိတ်ပါ၀င်စားသူများ စုစုပေါင်း လူဦးရေ ၄၀၀ ခန့် တက်ရောက်သည်။

Most read this week