(၆၆)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုမည့် ပြည်သူများအား ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းနှင့် ကင်မရာ၊ လက်ကိုင်ဖုန်း၊ လက်ကိုင်အိတ်များကို အာဇာနည်ဗိမာန်တွင်းသို့ ယူဆောင်ခွင့်ပြုမည်မဟုတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်လိုက်သည်။
အဆိုပါ ပစ္စည်းများ ယူဆောင်လာမည်ဆိုပါက အာဇာနည်ဗိမာန်အတွင်းသို့ ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း ဖော်ပြထား သည်။ သို့သော် ဘာ့ကြောင့်ယူဆောင်ခွင့်မပြုသည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။
ပြည်တွင်း လူမှုအဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးလှုပ်ရှားသော အဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂအဖွဲ့များပါဝင် သော အဖွဲ့ ၃၀ က အာဇာနည်နေ့တွင် အာဇာနည်ဗိမာန်သို့ ပန်းစည်း၊ ပန်းခွေများချကာသွားရောက်ဂါရဝပြု မည်ဖြစ်ပြီး နံနက် ၁၀ နာရီ ၃၇ တွင် ကန်တော်ကြီးပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ဥသြဆွဲကာ ဂါရဝပြုမည်ဖြစ်သည်။
"ကိုယ့်အမြင်ပြောရရင်တော့ ယူခွင့်မပြုတာ ဘာ့ကြောင့်လဲဆိုတာ သေချာရှင်းပြသင့်တယ်။ ပြည်သူတွေက ကိုယ့်နိုင်ငံက အာဇာနည်ခေါင်းဆောင်တွေကို ဒီလိုဂုဏ်ပြုတာကိုတော့ လုံခြံုရေးဆိုတာတစ်ခုတည်းနဲ့ ခေါင်းစဉ်တပ်ပြီး တားမြစ်ဖို့မကောင်းဘူးထင်တယ်။ကိုယ်တို့က အထဲကိုယူခွင့်မပြုလည်း ရတဲ့နေရာကနေ ဂုဏ်ပြုမယ်"ဟု မျိုးဆက်သစ်လူငယ်အဖွဲ့ (Generation Wave)က ကိုမိုဃ်းသွေးက မဇ္ဈိမကိုပြောသည်။
(၆၅)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင်လည်း အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုသော ပြည်သူများအား အဆိုပါ ပစ္စည်းများ ယူဆောင်လာခွင့်မပြုကြောင်း သိရသည်။



