မြန်မာနိုင်ငံတွင် သင်ကြားလျှက်ရှိသည့် အင်္ဂလိပ်ဘာသာ သင်ကြားရေး နည်းစနစ်များနှင့် ပတ်သက်၍ နိုင်ငံခြားမှ အင်္ဂလိပ်စာ ဆရာ၊ ဆရာမများနှင့် ပြည်တွင်းဆရာ၊ ဆရာမများ နှီးနှောဖလှယ်မှု ထည့်သွင်း ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီရုံးမှ ထုတ်ပြန်လိုက်သည်။
ဗြိတိသျှကောင်စီတွင် ကျင်းပမည့် အဆိုပါ ဆွေးနွေးဖလှယ်ပွဲကို ၁၄ ကြိမ်မြောက်ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကကျောင်းများမှ အင်္ဂလိပ်စာဆရာ၊ ဆရာမများ၊ တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာဆရာဆရာမများ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ သီရိလင်္ကာ၊ ဆူဒန် နှင့် ဗီယက်နမ်နိုင်ငံများရှိ ဗြိတိသျှကောင်စီများမှ အင်္ဂလိပ်စာဆရာ၊ ဆရာမများ တက်ရောက်ဆွေးနွေးသွား မည်ဟုလည်း အဆိုပါကောင်စီရုံးက ထုတ်ပြန်သည်။
နှီးနှောဖလှယ်ပွဲ၏ ယခုနှစ် အဓိကအကြောင်းအရာမှာ ‘From Inspiration to Implementation: Emerging Oppor-tunities in the ELT Classroom ဖြစ်ပြီး ဤပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ အင်္ဂလိပ်စာဆရာ၊ ဆရာမများ အနေနှင့် နိုင်ငံတကာမှ ဆရာများ၏ အင်္ဂလိပ်ဘာသာသင်ကြား နည်းစနစ်များ၊ နိုင်ငံတကာ အင်္ဂလိပ်ဘာသာသင်ကြားရေး နယ်ပယ်တွင် တိုးတက်ပြောင်းလဲမူများကို လက်တွေ့လေ့လာ နိုင်ရန်နှင့် မိမိတို့နိုင်ငံအတွင်း ကျင့်သုံးလျက်ရှိသော အင်္ဂလိပ် ဘာသာသင်ကြားရေး နည်းစနစ်များကို ဖလှယ်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ယခုဆွေးနွေးပွဲ ကျင်းပသည့် နှစ်ရက်အတောအတွင်း အလုပ်ရုံဆွေးနွေးပွဲပေါင်း ၅၀ ကျော် ထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကာ လာမည့် သြဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ဆွေးနွေးပွဲကို ဆီဒိုးနားဟိုတယ်တွင် ကျင်းပသွားမည်ဖြစ်ပြီး တက်ရောက်လိုသူများမှာ သြဂုတ် ၁ ရက်မှ ၆ ရက်ထိ ဗြိတိသျှကောင်စီ တွင် ငွေသွင်းကာ စာရင်းပေးသွင်းနိုင်ကြောင်း အဆိုပါရုံးက ကြေညာထားသည်။
ဗြိတိသျှကောင်စီ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး ကယ်ဗင်မက်ကင်ဇီက ပြောကြားသည်မှာ ဤအင်္ဂလိပ်စာ သင်ကြားရေး နှီးနှောဖယ်လှယ်ပွဲကြီးသည် ဗြိတိသျှကောင်စီ၏ ဂုဏ်ဆောင်ပွဲကြီးဖြစ်သည့်အလျောက် ယခုနှစ်တွင်လည်း ယခင်နှစ်များအတိုင်း ပညာရေးနယ်ပယ်အသီးသီးမှ တက်ရောက်သူ စုံလင်စွာနှင့် ကျင်းပမည်ဖြစ်ကြောင်း၊ အင်္ဂလိပ်စာဆရာ၊ ဆရာမများအတွက် အထူးအကျိုးရှိမည်ဟု ယုံကြည် ပါ ကြောင်း ပြောကြားသည်။
ဆွေးနွေးပွဲကို မူလတန်းအဆင့်သုံး Macmillan English သည် ကမ္ဘာနှင့်အဝန်း အလွန်ထင်ရှားကျော် ကြားခဲ့ပြီး လက်ရှိတွင်လည်း “English World ” အင်္ဂလိပ်စာသင်တန်းသုံး စာအုပ်ကို အခြားသူများ နှင့် တွဲဖက်ရေးသားလျက်ရှိသည့် Ms. Liz Hocking အဓိက ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်သည်။
နှီးနှောဖလှယ်ပွဲသို့ နှစ်ရက်တာ တက်ရောက်ရန် ကျပ်ခြောက်သောင်း ကျသင့်မည်ဖြစ်ပြီး တက်ရောက် မည့်သူများအား နှစ်ရက်လုံးတွင် နေ့လယ်စာနှင့်ကော်ဖီ၊ မုန့်များဖြင့် တည်ခင်းကျွေးမွေးမည် ဖြစ်ကာ အချိန်ပြည့်တက်ရောက်နိုင်သူများကို သင်တန်းပြီးမြောက်သည့် လက်မှတ်ပေးအပ်မည်ဖြစ်သည်ဟု ဗြိတိသျှကောင်စီက ကြေညာထားသည်။



