မန္တလေးတွင် ကိုယ်ပိုင်ခြံအတွင်း သစ်ပင်ခုတ်လှဲသူများကိုပင် အရေးယူမည်

မန္တလေးတွင် ကိုယ်ပိုင်ခြံအတွင်း သစ်ပင်ခုတ်လှဲသူများကိုပင် အရေးယူမည်
by -
မဇ္ဈိမ

မန္တလေးစည်ပင်နယ်နိမိတ်အတွင်း စိုက်ပျိုးထားသောသစ်ပင်များနှင့် ခြံထဲတွင် စိုက်ပျိုးထားသော သစ်ပင်များကို ခွင့်ပြုချက်မရှိဘဲ ခုတ်လှဲပါက ဒဏ်ငွေရိုက်ခြင်းအပြင် စည်ပင်သာယာဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီးဌာနက တာဝန်ရှိသူကမဇ္ဈိမကိုပြောသည်။

“ကျွန်တော်တို့ နယ်နိမိတ်အတွင်းမှာ သစ်ခုတ်ခြင်းနှင့် သစ်ကိုင်းတွေခုတ်ခြင်းကို ပြုလုပ်မယ်ဆိုရင် ပန်းဥယျာဉ်နဲ့ ကစားကွင်းဌာနကို လျောက်ထားပြီး ခွင့်ပြုချက်ယူရပါမယ်။ အဲဒီလိုယူပြီးမှ ခုတ်ယူလို့ရပါမယ်” ဟု ပြောသည်။

စည်ပင်သာယာ၏ ခွင့်ပြုမိန့်မရှိဘဲ သစ်ပင်ခုတ်ပါက ယခုလမှစတင်ကာ အရေးယူမည်ဖြစ်ပြီး ဒဏ်ကြေးငွေအဖြစ် သစ်ပင်အကြီးတစ်ပင်လျှင် ငါးသောင်းကျပ်၊ သစ်ပင်အသေးတစ်ပင် လျှင် လေးသောင်းကျပ်ပေး ဆောင်ရမည်ဖြစ်ပြီး စည်ပင်သာယာဥပဒေအရ အရေးယူမည်ဟုဆိုသည်။

နေအိမ်များအတွင်း၌ဖြစ်စေ၊ လမ်းပေါ်၌ဖြစ်စေ၊ သစ်ပင်ခုတ်လှဲမည်ဆိုပါက စည်ပင်ကို အကြောင်းကြား ရမည်ဖြစ်ပြီး ၀န်ဆောင်ခယူကာ စည်ပင်သာယာက လာရောက်ခုတ်ပေးမည်ဖြစ်သည်။

နေအိမ်များတွင် ၀န်ဆောင်ခအဖြစ် သစ်ပင်ကြီးတစ်ပင် လေးသောင်း၊ အပင်သေးတစ်ပင် နှစ်သောင်းပေး ဆောင်ရမည်ဖြစ်ကာ အစားထိုးအရိပ်ရ သစ်ပင်သုံးပင် ပြန်လည်စိုက်ပေးရမည်ဖြစ်သည်။

စည်ပင်နယ်နိမိတ်အတွင်း (လမ်းမပေါ်) တွင် ခုတ်လှဲပါက ၀န်ဆောင်ခအဖြစ် သစ်ပင်အကြီးတစ်ပင် သုံးသောင်းကျပ်၊ အသေးတစ်ပင်နှစ်သောင်းကျပ် ပေးဆောင်ရမည်ဖြစ်သည်။ ထို့အပြင် စည်ပင်နယ်နိမိတ် အတွင်း လမ်းလယ်ကျွန်းများတွင် စိုက်ပျိုးထားသောအပင်များ ကားတိုက်ပျက်စီးပါကလည်း ဒဏ်ကြေး ငွေအဖြစ် သစ်ပင်ကြီးတစ်ပင် ငါးသောင်းကျပ်၊ သစ်ပင်သေးတစ်ပင် သုံးသောင်းကျပ် ပေးဆောင်ရမည် ဟုလည်း ထုတ်ပြန်ထားသည်။

Most read this week