မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မြိတ်ခရိုင်တပ်ဖွဲ့နှင့် တနင်္သာရီတိုင်း အခြေစိုက် အစိုးရ၏ ခမရ ၅၈၁ တပ်တို့သည် ဇူလိုင် ၁၆ ရက် နံနက် ၁၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မွန်ပြည်သစ်ပါတီ၏ မြိတ်ခရိုင် ဒေသခံတပ်မှူး ဗိုလ်ကြီးတမော့ချမ်းက ပြောသည်။
သမ္မတဦးသိန်းစိန်က ဗြိတိန်နိုင်ငံ ချောလ်တန်ဟောက်စ်တွင် မကြာမီ တစ်နိုင်ငံလုံး သေနတ်သံများ ရပ်တော့မည်ဟုပြောကြားသည့်နေ့နှင့် ထိုတိုက်ပွဲဖြစ်ပွားသည့်နေ့မှာ တိုက်ဆိုင်နေသည်။
ယခုတိုက်ပွဲသည် မွန်ပြည်သစ်ပါတီနှင့် အစိုးရစစ်တပ်အကြား ၁၈ နှစ်အတွင်း ပထမဆုံး ဖြစ်ပွားသည့် တိုက်ပွဲလည်းဖြစ်သည်။ တိုက်ပွဲသည် မိနစ်ပိုင်းခန့်သာကြာမြင့်ပြီး မွန်ပြည်သစ်ပါတီဘက်မှ ကင်းစောင့်တပ်သားနှစ်ဦး ကျဆုံးခဲ့ပြီး အစိုးရစစ်တပ်ဖက်မှ အကျအဆုံးနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်ဟုလည်း ဗိုလ်ကြီးတမော့ချမ်းက အတည်ပြုသည်။
ကျဆုံးသွားသည့် မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှ တပ်သားနှစ်ဦးမှာ အသက် ၄၀ အရွယ် နိုင်ရှိန်နှင့် အသက် ၂၀ အရွယ် နိုင်ချမ်းမွန်တို့ ဖြစ်သည်ဟုလည်း ၎င်းက အတည်ပြုသည်။
မွန်ပြည်သစ်ဘက်မှ တပ်သားနှစ်ဦး ကင်းစောင့်နေသည့် နေရာသို့ အစိုးရ စစ်တပ်ဘက်မှ စစ်သည်အင်အား ၂၁ ဦးခန့်က ရောက်လာသဖြင့် နှစ်ဖက် တိုက်ပွဲဖြစ်ကြခြင်း ဖြစ်သည်ဟု မွန်ပြည်သစ်ဘက်မှ ဗိုလ်ကြီးတမော့ချမ်းက စွပ်စွဲပြောကြားသည်။
နှစ်ဖက် ပစ်ခတ်မှုကြောင့် ထွက်ပေါ်လာသော သေနတ်သံများကြောင့် အခြားတပ်သားများ ရောက်ရှိလာပြီး ၁၀ မိနစ်ခန့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားကာ အစိုးရတပ်မှ ပြန်ဆုတ်ခွာသွားခဲ့ကြောင်း ဗိုလ်ကြီးတမော့ချမ်းက ပြောသည်။
ဤဖြစ်စဉ်ကို မွန်ပြည်သစ်ပါတီ၏ နိုင်ငံခြားနှင့် မဟာမိတ် ဆက်ဆံရေးရုံးမှတစ်ဆင့် ဗဟိုဌာနချုပ်သို့ တင်ပြထားပြီးဖြစ်သည်ဟု ဗိုလ်ကြီးတမော့ချမ်းမှ ပြောသည်။
ထို့ကြောင့် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံး ဒုတာဝန်ခံဖြစ်သည့် ဗိုလ်မှူးကြီးဉာဏ်ထွန်းအား ဆက်သွယ် မေးမြန်းခဲ့ရာ တာဝန်ခံပုဂ်္ဂိုလ်ကို အစီရင်ခံထားပြီး ဖြစ်သည်ဟု ဆိုသည်။
ယခုကိစ္စကို မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ဟံသာဗိုန်ခိုင်က တစ်စုံတရာ မှတ်ချက်မပြုလိုကြောင်း ပြောကြားသည်။
ယခုတိုက်ပွဲတွင် ကျဆုံးခဲ့သည့် နှစ်ဖက် ရဲဘော်များ၏ စာရင်းနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် မြိတ်ခရိုင် အခြေစိုက် တပ်မှူးဖြစ်သည့် ဗိုလ်ကြီးတမော့ချမ်းမှအပ မွန်ပြည်သစ်ပါတီဘက်နှင့် အစိုးရစစ်တပ်ဘက်မှ သတင်းရင်းမြစ်များထံမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် ပထမအကြိမ် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖြစ်ပြီး ၂၀၁၀ခုနှစ်တွင် အစိုးရကချမှတ်သည့်နယ်ခြားစောင့်တပ်ဖွဲ့ စည်းရေးမူကို လက်မခံ၍ အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ ထိုသို့ အပစ်ရပ်စဲရေး ပျက်ပြယ်သည့် ကာလတွင်ပင် နှစ်ဖက်တပ်များ ပစ်ခတ်မှု မရှိခဲ့ပေ။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီတွင်မူ အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ် ရပ်စဲရေးအတွက် တစ်ဖန် သဘောတူလက်မှတ် ရေးထိုးခဲ့သည်။



