ရွှေဘိုတွင် ဆည်ရေလုံလောက်စွာ မရသဖြင့် နွေစပါးထွက်နှုန်း လျော့ကျလာ

ရွှေဘိုတွင် ဆည်ရေလုံလောက်စွာ မရသဖြင့် နွေစပါးထွက်နှုန်း လျော့ကျလာ
by -
မဇ္ဈိမ

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်း ယခုနှစ် နွေစပါး စိုက်ပျိုးရာသီချိန်၌ စိုက်ပျိုး ဆည်ရေ လုံလောက်စွာ မရသဖြင့် နွေစပါးထွက်နှုန်း လျော့ကျကြောင်း မြို့နယ် စိုက်ပျိုးရေးမန်နေဂျာ ဦးဆွေက ပြောသည်။

၎င်းက “မနှစ်က မိုးရွာသွန်းမှု အလွန်နည်းပါးခဲ့တာကြောင့် သဖန်းဆိပ် ဆည်ရေက စိုက်ပျိုးရေအတွက် အလုံအလောက် ဖြန့်ဝေပေးနိုင်ခဲ့ခြင်း မရှိပါဘူး။ နွေစပါး စိုက်ပျိုးနိုင်မှု နှစ်တိုင်းကထက်စာရင် ထက်ဝက်ခန့် လျော့ကျလာတာကို တွေ့ရပါတယ်” ဟု ပြောသည်။

နွေစပါးမှာ ဧပြီလကုန်ပိုင်းနှင့် မေလများတွင် ရိတ်သိမ်းရခြင်းဖြစ်ပြီး ရွှေဘိုမြို့နယ်အတွင်း ပြီးခဲ့သည့်နှစ်က နွေစပါး စိုက်ပျိုးဧက ခုနှစ်သောင်းခန့် စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ် နွေစပါး စိုက်ပျိုးရာသီချိန်တွင် စိုက်ပျိုးရေ အလုံအလောက်မရသဖြင့် ဧကသုံးသောင်းခွဲခန့်သာ စိုက်ပျိုးနိုင်ခဲ့သည့်အတွက် နွေစပါးထွက်ရှိမှုပမာဏ လျော့ကျလာခဲဲ့ခြင်း ဖြစ်သည်။

ဇီးတောကျေးရွာနေ စပါးစိုက် တောင်သူကြီးတစ်ဦးကလည်း နွေစပါးစိုက်ပျိုးခြင်းနှင့် ပတ်သက်ပြီး “ဒီနှစ် မှာတော့ ရ၄၇ စပါးကိုဘဲ ဦးစားပေးပြီး စိုက်ပျိုးနိုင်ခဲ့ပါတယ်။ သီးနှံထွက်နှုန်းကတော့ တစ်ဧကဆိုရင် စပါး ၁၂၅ တင်း ၀န်းကျင်လောက် ရရှိပါတယ်။ ဒီကနေ့ ပေါက်စျေးနှုန်းကတော့ စပါးတင်း ၁၀၀ ကို လေးသိန်း ရှစ်သောင်းခန့် ဖြစ်ပါတယ်”ဟုပြောသည်။

ယမန်နှစ်များက ရွှေဘိုမြို့နယ်အတွင်း စိုက်ပျိုးရေ အလုံအလောက် ရရှိခဲ့သည့်အတွက် နွေစပါးစိုက် ရာသီချိန်တွင် ပုလဲသွယ် (၁) စပါးမျိုး၊ CNR 7111 စပါးမျိုး၊ ပုလဲသွယ် (၄) စပါးမျိုးများနှင့် ရ၄၇ စပါးမျိုးများကို စိုက်ပျိုးသည်။

Most read this week