အစိုးရနှင့် ‘ဝ’ တပ် နှစ်ဘက်စလုံး ဆုတ်ခွာ၊ စစ်ရေးအခြေအနေ တည်ငြိမ်

အစိုးရနှင့် ‘ဝ’ တပ် နှစ်ဘက်စလုံး ဆုတ်ခွာ၊ စစ်ရေးအခြေအနေ တည်ငြိမ်
by -
မဇ္ဈိမ

စစ်ရေးတင်းမာနေခဲ့သည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် အစိုးရတို့ ဆွေးနွေးခဲ့ပြီးနောက်နှစ်ဘက် တပ်များ ဆုတ်ခွာပေးလိုက်ပြီး စစ်ရေးအခြေအနေတည်ငြိမ်လျက်ရှိသည်ဟု UWSA ပြည်ပ ဆက်ဆံရေးဌာနကြီးမှူး ဦးဆမ်ခွန်းက ပြောကြားခဲ့သည်။

“ကျွန်တော်သိသလောက်တော့ ခုဖြစ်နေတဲ့ စခန်းကနေ ဟိုတစ်နေ့က နှစ်ဖက်စလုံးက ဆုတ်လိုက်တယ်။ ဆွေးနွေးပွဲပြီးမှ နောက် တစ်နေ့ ဆုတ်ပေးလိုက်တယ်။ ခုဘာမှ မရှိတော့ဘူး။ အဆင်ပြေနေပါပြီ” ဟု သူက မဇ္စျိမ ကို ပြောသည်။ သို့သော် အသေးစိတ် ပြောဆိုခြင်း မရှိခဲ့ပေ။

ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်သောအဖွဲ့နှင့် UWSA ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဇူလိုင်လ ၁၃ ရက်မှာနှစ်ဖက်တပ်များ ဆုတ်ခွာပေးလိုက်ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၂ ရက် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် နှစ်ဖက် တွေ့ဆုံဆွေးနွေးမှုတွင် ပြီးခဲ့သည့် ဇွန်လလယ်မှ စတင်၍ အစိုးရဘက်မှ နေရာယူထားသော စခန်းများမှ နှစ်ဖက်စလုံး ဆုတ်ခွာပေးကြမည်ဟုသဘောတူညီ ခဲ့ကြခြင်းဖြစ်သည်။

ထိုနေ့မှာဘဲ တပ်မတော်နှင့် ‘ဝ’ တို့အကြား နှစ်ဘက် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ သဘောတူညီချက်များအား ဆက်လက် အလေးထား လိုက်နာရန် အပါအဝင် အချက် ၅ ချက်ကို သဘောတူချက် ထုတ်ပြန်ခဲ့သည်။

နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အကြောင်း ပေါ်ပေါက်လာပါက အပြု
သဘောဆောင်သော နည်းလမ်းကောင်းများကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ အမြန်ဆုံး တွေ့ဆုံညှိနှိုင်းဖြေရှင်း ရန်၊ နှစ်ဖက် လက်ရှိ တည်ဆောက်ပြီးဖြစ်သော နားလည်မှု၊ ယုံကြည်မှုနှင့် ငြိမ်းချမ်းရေးအစဉ်အလာကောင်း များကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ပြီး အပြုသဘောဆောင်သော ညှိနှိုင်းဆွေးနွေးမှုနှင့်ငြိမ်းချမ်းရေး ရသည်အထိ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပါရှိသည်။

ထို့ပြင် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေး လုပ်ငန်းစဉ်များအား ပြည်ထောင်စု အစိုးရနှင့် ‘ဝ’ အထူးဒေသ(၂)တို့ အပြန်အလှန် ပူးပေါင်း ကူညီဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

‘ဝ’ အထူးဒေသ (၂)သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည့် အားလျှော်စွာ နိုင်ငံတော်အားသွေးကွဲစေခြင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း စသည့်တို့ကို လုံးဝ ပြုလုပ်မည် မဟုတ်ဘဲနိုင်ငံတော်၏ အချုပ်အချာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ‘ဝ’ အထူးဒေသ(၂)၏ စွမ်းရည်များကို လှူဒါန်း ပေးဆောင်သွားမည်ဟု သဘောတူခဲ့သည်။

နိုင်ငံတော် ဖွဲ့စည်းပုံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် အဆင့်သတ်မှတ်ထားသော်လည်း ‘ဝ’ တို့တွင် အစိုးရတစ်ရပ် ယန္တရားများ ပြည့်စုံနေပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်အဖြစ် အသိအမှတ် ပြုပေးရန် ‘ဝ’ က တောင်းဆိုထားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပြောဆိုဆွေးနွေးခြင်း မရှိခဲ့ကြောင်း သိရသည်။

၂၀ဝ၈ ခုနှစ်၊ အခြေခံဥပဒေ ပုဒ်မ ၅၆ (စ)အရ “ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ်တို့ကို ခရိုင်နှစ် ခရိုင်ဖွဲ့ပြီး၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် သတ်မှတ်ဖော်ပြထားသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလက အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် UWSA သည် စစ်သည်အင်အား အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

Most read this week