ခြေလေးချောင်းရှိ ကလေးငယ် ပထမဆင့် ခွဲစိတ်ပြီး

ခြေလေးချောင်းရှိ ကလေးငယ် ပထမဆင့် ခွဲစိတ်ပြီး
by -
မဇ္ဈိမ

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် ခွဲစိတ်မှုဖြစ်သော ခြေလေးချောင်းရှိနေသော ကလေးငယ်တစ်ဦးကို ဇူလိုင် ၁၆ ရက်က ရန်ကုန်မြို့၊ ရန်ကင်း ကလေးဆေးရုံကြီးတွင် ပထမအကြိမ် ခွဲစိတ်ပြုပြင်ပေးခဲ့ပြီး ခွဲစိတ်မှုများ ထပ်မံပြုလုပ်ရဦးမည်ဖြစ်သည်ဟု ဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က ပြောသည်။

အသက်ငါးလသားအရွယ်ရှိ ယင်းကလေးငယ်သည် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ လွယ်မွတ်ရွာ ပင်လုံးမြို့မှ ဖြစ်ပြီး ယင်းကလေးငယ် ခွဲစိတ်မှုအား ဧရာဝတီဖောင်ဒေးရှင်းမှ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။ ထပ်မံ၍ ခွဲစိတ်မှုများပြုလုပ်ရဦးမည်ဖြစ်ပြီး အချိန်အားဖြင့် တစ်နှစ်ခွဲခန့် ကြာနိုင်သည်ဟုလည်း ဒေါက်တာအောင်မြင့်လွင်က ပြောသည်။

၎င်းက “အခုနှစ် ခြေနှစ်ချောင်း အပိုပါတဲ့အဆင့်ကိုခွဲတာက တစ်ခုခွဲပြီး အောက်ပိုင်း မူလပကတိဖြစ်ဖို့ တစ်လနဲ့ နှစ်လကြားမှာ နောက်ထပ်တစ်ဆင့် ခွဲရမယ်။ တတိယအဆင့်က လိုရင်ထပ်ခွဲမယ်။ မလိုရင်လည်း နှစ်ဆင့်နဲ့ပြီးမှာပေါ့”ဟု ပြောသည်။

ယင်းကလေးငယ် ခွဲစိတ်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနကလည်း ပံ့ပိုးမှုများပြုလုပ်ပေးပြီး ဆေးတက္ကသိုလ်(၁)နှင့် ဆေးတက္ကသိုလ်(၂)မှ ပါမောက္ခများအားလုံးလည်း ပါ၀င်ဆောင်ရွက်ကြသည်ဟု သိရသည်။

ယင်းခွဲစိတ်မှုကို တာဝန်ယူထားသည့် ဧရာဝတီဖောင်ဒေရှင်းဥက္ကဋ္ဌ ဦးအောင်မိုးကျော်ကလည်း “ရန်ကင်း ကလေးဆေးရုံးက ဆရာဝန်ကြီးတွေ သွားကြည့်ကတည်းက ပါ၀င်ခဲ့တာပါ။ ဒီကလေးလေး ကောင်းသွားရင် မိဘတွေ ၀မ်းသာသလို ဧရာဝတီဖောင်ဒေးရှင်းကလည်း ၀မ်းသာတာပေါ့”ဟု ဆိုသည်။

ခွဲစိတ်မှုနှင့်ပတ်သက်ပြီး ဒေါက်တာအောင်မြင့်လွင်ကလည်း “ပထမအဆင့် အရိုးခွဲတဲ့ အနာတွေကျက်သွားရင် ဒုတိယအဆင့် ပြန်လုပ်မယ်။ ကလေးကို လူကောင်းပကတိ ဖြစ်အောင် ဒုတိယအဆင့်ခွဲရမယ်၊ နောက် တစ်ဆင့် ဗိုက်ခွဲရမယ်ဟု”ဟု ဆိုသည်။

Most read this week