ကျပ်သိန်း ၁၄၀ဝ ကျော်ရှိ မူးယစ်ဆေးနှင့် အတူ စိန်ပြောင်း၊ လက်ပစ်ဗုံးတို့ ပါဝင်သည့် လက်နက်အမြောက်အမြား သိမ်းဆည်းရမိ

ကျပ်သိန်း ၁၄၀ဝ ကျော်ရှိ မူးယစ်ဆေးနှင့် အတူ စိန်ပြောင်း၊ လက်ပစ်ဗုံးတို့ ပါဝင်သည့် လက်နက်အမြောက်အမြား သိမ်းဆည်းရမိ
by -
မဇ္ဈိမ

ကျပ်သိန်း ၁,၄၀ဝ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖမ်းဆီးရရှိမှုနှင့် ဆက်စပ်၍ အခြားအိမ်တစ်လုံးသို့ ဇူလိုင် ၁၄ ရက်က ဝင်ရောက်ရှာ ဖွေရာတွင် သေနတ်၊ လက်ပစ်ဗုံး၊ စိန်ပြောင်း အပါအဝင် လက်နက်သုံးလက်တို့ကို ရှာဖွေတွေ့ရှိရသည်ဟု တောင်ကြီးရဲစခန်းက သတင်း ထုတ်ပြန်သည်။

သိန်း ၁,၄၀ဝ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဇူလိုင်လ ၁၃ ရက်က တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်တွင် ဖမ်းဆည်းရမိခြင်း ဖြစ်သည်။

“ဖမ်းဆီးရမိတာ ဟုတ်ပါတယ် အရင်ကတည်းက ကျွန်တော်တို့ တစ်လလောက် ကြိုစောင့်ဆိုင်းပြီး ပြင်ဆင်ခဲ့တာပါ။ သေသေချာချာ ပူးပေါင်းပြီးမှ အချိန်ကိုက် ဝင်ရောက် ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်” ဟု တောင်ကြီး မူးယစ်အထူးတပ်ဖွဲ့၏ ရဲအုပ်တင်စိုးက မဇ္စျိမကို ပြောသည်။

WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၃၄,၃၈၇ ပြား၊ ဘိန်းဆီခဲ ၁ ဒသမ ၄၃၂ ကီလိုနှင့် နေအိမ်ခြံဝင်းအတွင်းမှ မော်တော်ယာဉ် သုံးစီး၊ မော်တော်ဆိုင်ကယ် တစ်စီးတို့ကို သိမ်းဆည်းရမိပြီး လာရောက် သုံးစွဲသည်ဟု ယူဆရသူ ၁၈ ဦးကိုလည်း စစ်ဆေးရာ လက်နက်များကိုပါ သိမ်းဆည်းရမိခြင်း ဖြစ်သည်။

“ထွက်ပြေးကုန်မှာစိုးလို့ အရင်လေ့လာ အချိန်ယူရတာပါ။ ဒီမှာဖြစ်တဲ့ အမှုထဲမှာတော့ လူအများဆုံး ဖမ်းမိတာ” ဟုလည်း မူးယစ်အထူးတပ်ဖွဲ့၏ ရဲအုပ်တစ်ဦးဖြစ်သူ ဦးအောင်စိုးကြိုင်က ပြောသည်။

သံသယဖြင့် ဖမ်းဆီးစစ်ဆေးခြင်းခံနေရသူအချို့၏ ထွက်ဆိုချက်အရ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် နယ်မြေ ၅ ရှိ အိမ်တစ်အိမ်သို့ ဇူလိုင် ၁၄ ရက်က ဝင်ရောက်ရှာဖွေရာ သေနတ်၊ လက်ပစ်ဗုံး၊ စိန်ပြောင်း အပါအဝင် လက်နက်သုံးလက်တို့ကို ရှာဖွေတွေ့ရှိခြင်း ဖြစ်သည်။

အိပ်ခန်းအတွင်း သိမ်းဆည်းရမိသည့် လက်နက်များမှာ M ၁၆  သေနတ်တစ်လက်၊ ၉ မမ ပစ္စတိုတစ်လက်၊နှစ်လက်မစိန်ပြောင်း တစ်လက်၊ MG. 1 လက်ပစ်ဗုံးတစ်လုံး၊ ၄၀ မမ ဗုံးသီး ၁၁ လုံး ၊ အမ် ၁၆ ကျဉ် ၁၇ တောင့်၊ စက်လက်ကျဉ် ၁၀ဝတောင့်၊ အမ် ၁၆ ကျဉ်ဘောက်တို သုံးဘောက်၊ အမ်၂၂ ကျဉ်ဘောက်တို တစ်ဘောက်၊ အမ်၂၂ ကျဉ်သုံးတောင့်တို့ ဖြစ်သည်။ နေအိမ်ပိုင်ရှင်မှာ တိမ်းရှောင်လျက်ရှိကြောင်းတောင်ကြီး ရဲတပ်ဖွဲ့မှ စုံစမ်းလျက်ရှိကြောင်းပြောဆိုပါသည်။

မူးယစ်ဆေးဖမ်းဆီးရရှိမှုနှင့် ပတ်သက်၍မူ တောင်ကြီး အမှတ် (၂) ရဲတပ်ဖွဲ့စခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ပုဒ်မ ၁၅ / ၁၉က/၂၁ အမှုအမှတ် မယ(ပ)၁၃/ ၂၀၁၃ ဖြင့် အမှုဖွင့်ထားသည်။

Most read this week