နှစ်အကုန်တွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု သမ္မတ ကတိပေး

နှစ်အကုန်တွင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးမည်ဟု သမ္မတ ကတိပေး
by -
မဇ္ဈိမ

နိုင်ငံရေးအကျဉ်းသားအားလုံးအား ယခု နှစ် နှစ်ကုန်ပိုင်းတွင် လွှတ်ပေးလိမ့်မည်ဖြစ်သည့်အပြင်၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေးမှာလည်း လာမည့်သီတင်းပတ်များအတွင်း အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်ဟု သမ္မတဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း ဇူလိုင် ၁၆ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။

သမ္မတဦးသိန်းစိန် လန်ဒန်သို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ယခုကဲ့သို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံတွင်းက ယုံကြည့်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံးကို လွှတ်ပေးမယ်လို့ ကျွန်တော် ကတိပေး ပါတယ်” ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့အနေနဲ့ နှစ်ငါးဆယ်လောက် လွှမ်းမိုးခဲ့တဲ့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းဖို့က လွဲလို့ တခြား ဘာကိုမှမမျှော်လင့်ပါဘူး” ဟုလည်း သမ္မတက ဆိုသည်။

ထို့အပြင် သမ္မတအနေဖြင့် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိခဲ့သည့်အချိန်မှ စတင်ကာ တစ်ဒါဇင်ထက်မနည်း သော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရအကြား ဆယ်စုနှစ်ပေါင်းများစွာ တိုက်ခိုက်နေမှုများ အား ရပ်တန့်သွားမည့် ကိစ္စအတွက်လည်း အကောင်းမြင်နေသည်။

“အခုလာမယ့် သီတင်းပတ်တွေအတွင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲဖို့ ဖြစ်နိုင်ခြေ အရမ်းများနေတဲ့ အတွက် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဦးဆုံးအကြိမ်အဖြစ် သေနတ်သံများ တိတ်ဆိတ်သွားတော့မှာ ဖြစ်ပါတယ်၊ ပြောဆိုဆွေးနွေးကြတဲ့အခါမှာ အခက်အခဲတွေရှိနိုင်တဲ့အပြင် ခက်ခက်ခဲခဲ စေ့စပ်ညှိနှိုင်းရမှာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ မဖြစ်မနေလုပ်ရမှာပါ” ဟုလည်း ၎င်းကဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတွင်း လူ့အခွင့်အရေးများအား အကာအကွယ်ပေးရန်လည်း တောင်းဆိုထားသည်။

လူရာပေါင်းများစွာ သေဆုံးခဲ့ရသည့် အကြမ်းဖက်တိုက်ခိုက်မှုများနောက်ပိုင်းတွင်၊ အုပ်စုများအကြား အမုန်းပွားစေရန် စေ့ဆော်ခဲ့သူများအားလည်း လုံးဝလက်ခံမည်မဟုတ် ကြောင်းလည်း သမ္မတဦးသိန်းစိန်က ပြောဆိုသွားခဲ့သည်။

ဝန်ကြီးချုပ် ကင်မရွန်းအနေဖြင့် အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ၎င်း၏ရုံးခန်းသို့ သမ္မတ ဦးသိန်းစိန် လာရောက်ရာတွင် ခမ်းခမ်းနားနားကြိုဆိုခဲ့ပြီး သမ္မတ၏ သမိုင်းဝင်ခရီးစဉ်အား တွေ့မြင်ရသည့်အတွက် အလွန်အမင်း ဝမ်းသာသည်ဟုပြောဆိုခဲ့သည်။

ဗြိတိန်ဝန်ကြီးချုပ် ကင်မရွန်းက “ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဆက်လက် လုပ်ဆောင်နေတာကို တွေ့မြင်ရသလိုမျိုး၊ နိုင်ငံတွင်း ပဋိပက္ခတွေ ဖြေရှင်းနေတာနဲ့ လူ့အခွင့်အရေး ကာကွယ်မှုတွေကိုမြှင့်တင်နေတာတွေကိုလည်း မြင်ချင်ပါတယ်” ဟု ဆိုခဲ့သည်။

“ကျွန်တော်တို့ဟာ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စရပ်တွေအပေါ်မှာ စိုးရိမ်ခဲ့ရပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိလုပ်ဆောင်နေသည့် ပြုပြင်ပြောင်းလဲမှုများအား တွန်းအား ဖြစ်စေနိုင်ရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရန် လိုအပ်သည်ဟူသော နိုင်ငံတကာအသိုင်းအဝိုင်း၏ သဘောထားများနှင့်အညီ ဝန်ကြီးချုပ် ကင်မရွန်းက ရပ်တည်လျက်ရှိသည်။

ထို့အပြင် ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟာမွန်ဒ်ကလည်း “ကျွန်တော်တို့အနေနဲ့ ကာကွယ်ရေးလုပ်ငန်းတွေမှာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာက ခေတ်သစ်လက်နက်ကိုင်တပ်ဖွဲ့များအနေနဲ့ ဒီမိုကရေစီ နည်းလမ်းအရ တာဝန်ယူမှုရှိလာဖို့ အတွက်ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီတွေ့ဆုံဆွေးနွေးမှု နောက်ပိုင်းမှာ မြန်မာစစ်တပ်ကို သင်တန်းတွေပေးဖို့လည်း ကမ်းလှမ်း ပြီးပါပြီ” ဟု ပြောကြားခဲ့သည်။

Most read this week