ကျပ်သိန်း ၅၀၀ တန်သည့် စိတ်ကြွဆေးများ ဖမ်းမိ

ကျပ်သိန်း ၅၀၀ တန်သည့် စိတ်ကြွဆေးများ ဖမ်းမိ
by -
မဇ္ဈိမ

ကျပ်သိန်း ၅၀၀ ကျော်တန်သည့် စိတ်ကြွဆေးပြားများကို ဇူလိုင် ၁၅ ရက်က အင်းစိန်မြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းရရှိသည်။

မူးယစ်ဆေးဝါးနှင့် ပတ်သက်သောသတင်းကို ရဲများကရရှိသဖြင့် သတင်းရသည့်အတိုင်း အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်ရှိ အိမ်တစ်လုံးကို ၀င်ရောက်ရှာဖွေရာမှ အဆိုပါ မူးယစ်ဆေးများကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သံသယရှိသည့်အိမ်တွင် ၀င်ရောက်ရှာဖွေစဉ် အိပ်ခန်းအတွင်းမှ စက္ကူဘူးခွံထဲတွင် WY စာတမ်းပါလိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၀ ပြားနှင့် ရေချိုးခန်းအတွင်းတွင် အဆိုပါဆေးပြား ၂၀၀၀ ပြားစီပါ၀င်သော ပလတ်စတစ်ထုပ် ငါးထုပ်၊ စုစုပေါင်းဆေးပြား တစ်သောင်း ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အိမ်ရှင်ဖြစ်သည့် အသက် ၃၆ နှစ်အရွယ် မနောင်ဝေ ဝေသက်(ခ)မဝေကို စိတ်ကြွ ဆေးရောင်းဝယ်သူအဖြစ် ရဲကစွပ်စွဲဖမ်းဆီးထားပြီး ဆေးပြားများ၏ တန်ဖိုးသည်လည်းကျပ်သိန်း ငါးရာနှင့် ငါးသောင်းတန်သည်ဟု အတည်ပြုထုတ်ပြန်သည်။

အဆိုပါအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်မြတ်ဖုန်းက ကိုင်တွယ်ပြီး အင်းစိန်ရဲ စခန်းတွင် ထိုရဲအရာရှိကပင် တရားလိုပြုလုပ်တိုင်တန်းသဖြင့် ရဲစခန်းကအမှုအမှတ် (ပ)၃/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)ဖြင့် တရား စွဲဆိုမည်ဟု သတင်းထုတ်ပြန်သည်။

Most read this week