အရပ်ဘက် လူ့အဖွဲ့အစည်းများ ကချင်အရေး ဆွေးနွေး

အရပ်ဘက် လူ့အဖွဲ့အစည်းများ ကချင်အရေး ဆွေးနွေး
by -
မဇ္ဈိမ

ကချင်ပြည်နယ် ငြိမ်းချမ်းရေးပတ်သက်၍ အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများ စုပေါင်း ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းတွင် ယနေ့မှ စတင်ကျင်းပခဲ့သည်။

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ဦးဆောင်ကျင်းပသော ဗန်းမော်၊ ပူတာအို၊ ကားမိုင်း၊ ရှမ်းပြည်နယ်၊ ရန်ကုန်၊ မန္တလေးတို့မှ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်ပေါင်း ၂၀၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆွေးနွေးကြတယ်ဆိုတော့ technical team လည်း ပါတယ်။ လူထုလည်း ပါဝင်မယ်ဆိုတော့ တော်တော်များများ ဆွေးနွေးတယ်။ မနက်ဖြန်မှ ရှင်းလင်းပွဲ လုပ်မယ်။ ကျနော်တို့က ပညာပေး၊ အကြံပေးတဲ့ ဆွေးနွေးပွဲပါ” ဟု PCG မှ ဦးဆန်အောင် က မဇ္စျိမကို ပြောသည်။  

မေလကုန်က အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ သဘောတူညီချက်အရ Technical team ဖွဲ့စည်းရေးနှင့် ပတ်သက်၍ shalom ငြိမ်းဖောင်ဒေးရှင်းမှ ဆရာမ ဒေါ်နန်ရော်နှင့် ဒေါ်ဂျာနန်တို့က ရှင်းလင်းပြောဆိုခဲ့သည်ဟုဆွေးနွေးပွဲတက်ရောက်ခဲ့သူ ဧရာဝတီ ကချင်ရှေ့နေများအဖွဲ့မှ တာဝန်ခံ ရှေ့နေမုန်ဆိုင်းအောင် က ပြောသည်။

“ငြိမ်းချမ်းရေးသဘောတူညီချက်အရ Technical team ဘယ်လို ဖွဲ့မယ်။ ဘာကြောင့် ဖွဲ့တယ်ဆိုတာတွေ ဆရာမနှစ်ယောက်က အကြမ်းဖျဉ်း ပြောပြတယ်။ တယောက်နဲ့တယောက် ရှင်းလင်း ဖလှယ်တာလောက်ပဲ ရှိသေးတယ်။ မနက် ၉နာရီကနေ ညနေ ၄ နာရီထိ ဆွေးနွေးကြတယ်” ဟု ဆိုသည်။

KIO ဘက်မှ Technical team တွင် ပါဝင်သူ ခေါင်းဆောင် ၄ ဦးကို ရွေးချယ်ပြီးသော်လည်း အရက်ဖက် လူ့အဖွဲ့အစည်းများမှ ပါဝင်မည့် သူများကို ယခု ဆွေးနွေးမှု အပြီးတွင် ရွေးချယ်ဖွဲ့စည်းသွားရန် ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

ဇူလိုင်လ ၂၀ ရက်နေ့တွင် ထို Technical team အဖွဲ့ ရုံးဖွင့်လှစ်ရန် စီစဉ်ထားသည်ဟု ဦးဆန့်အောင် က ပြောသည်။

Most read this week