ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR အစည်းအဝေးတွင် ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များအား နေရပ် ပြန်လည် နေရာ ချထားရေး ကိစ္စနှင့် ပတ်သတ်၍ အစီအစဉ် မရှိသေးကြောင်း၊ သို့သော်လည်း ကူညီထောက်ပံ့မှု အပိုင်းတွင် စိုးရိမ်မှု ရှိနေကြောင်း UNHCR က ပြောကြား သွားခဲ့သည်ဟု ယင်းအစည်းအဝေးသို့ တက်ရောက် ခဲ့သော ချင်းအမျိုးသမီး အဖွဲ့ ကိုယ်စားလှယ် ချယ်ရီစာဟောဝ်က ပြောပါသည်။
“ စားနပ်ရိက္ခာ အပိုင်းကတော့ UNHCR ရဲ့ ကဏ္ဍ မဟုတ်တော့ စိုးရိမ်ရတာပါ။ လုံခြုံမှု အပိုင်းကတော့ UNHCR တာဝန် ဖြစ်တဲ့အတွက် လောလောဆယ် မြန်မာပြည်ရဲ့ အနေအထား ကတော့ လုံးဝ စိတ်ချစရာတော့ မရှိသေးဘူး။ ဒါကြောင့် ပြန်လည် နေရာ ချထားရေးကို UNHCR မှာ အစီအစဉ် မရှိသေးဘူးလို့ ပြောတာဖြစ်ပါတယ်။ အခုတက်တဲ့ အစည်းအဝေး ကတော့ ဇွန်လ (၁၁) ရက်နေ့ ကနေ (၁၃) ရက်နေ့ အထိ ဖြစ်ပါတယ်” ဟုဆိုပါသည်။
မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေး အခြေအနေ မရှိသေးသည့် အတွက် နေရပ်ပြန်ရန် ဒုက္ခသည်များက ဆန္ဒမရှိခြင်း ဖြစ်ပါသည်။ အစိုးရ တပ်ဖွဲ့များသည် လက်နက်ကိုင် တပ်များနှင့် အပစ်ရပ်သည်ဟု ဆိုသော်လည်း တပ်နေရာချ ထားမှုများ မရှိသေးပေ။
မြေမြုပ်မိုင်း ရှင်းလင်းရေး ကိစ္စ၊ မီးရှို ့ ခံထားရသော ကျေးရွာများ ပြန်လည် ထူထောင်ရေးနှင့် စားဝတ်နေရေးကိစ္စ၊ လုံခြုံရေး ကိစ္စများ ဖြေရှင်းရန် လိုအပ်နေသေးကြောင်း ကရင်အမျိုးသမီး အစည်းအရုံး ကိုယ်စားလှယ် ကညောဖောမှ UNHCR သို့ တောင်းဆို တင်ပြခဲ့ပါသည်။
UNHCR မဟာ မင်းကြီးရုံး အပါအဝင် လက်အောက်၌ ရှိသည့် ဌာန အသီးသီးမှ အရေးပါ ပုဂ္ဂိုလ်များကလည်း “မြန်မာအစိုးရဘက်က ဖိတ်ကြားထားတာ ရှိပေမယ့် ဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားဖို့ အစီအစဉ် မရှိကြောင်း ထပ်ခါတလဲလဲ ပြောဆိုပြီး အခုဒုက္ခသည်တွေမှာ ရိက္ခာထောက်ပံ့မှု လျော့နေတာကိုလည်း စိုးရိမ်နေပါတယ်လို့ ပြန်လည်ဖြေကြား ခဲ့ကြောင်း” ဆိုပါသည်။
UNHCR သည်မြန်မာနိုင်ငံ အစိုးရ၏ ခွင့်ပြုချက်အရ ပြည်တွင်း ဒုက္ခသည်များ ဖြစ်သော ရခိုင်ပြည်နယ်မှ ဒုက္ခသည်များ နှင့်ကချင်ပြည်နယ် ဒုက္ခသည်များအား ကူညီရန် အာရုံစိုက်နေခဲ့ရကြောင်း အလားတူ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နှင့်အရှေ့ပိုင်း ဒေသများကိုလည်း အာရုံစိုက်ရန် အစီအစဉ် ရှိကြောင်း ဆိုပါသည်။
ယင်းအစည်းအဝေးတွင် ပလောင် ဒေသ၌ ဖြစ်ပွားနေသော တိုက်ခိုက်မှုများကြောင့် စစ်ပြေး ဒုက္ခသည်များ အခြေအနေ၊ အိန္ဒိယနိုင်ငံရှိ ချင်းဒုက္ခသည်များ ပြသနာနှင့် ထိုင်းနိုင်ငံ၌ ရှိသည့် ဒုက္ခသည်များ၏ အခက်အခဲများကို တင်ပြနိုင်ခဲ့ပါသည်။
ဤအပတ် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ မွေးစာရင်း မပါသော ကလေးများပြသနာပါ ဆွေးနွေးကြပါသည်။ ဤအထဲ၌ ကလေးစရင်း မပါသော လူမျိုးထဲတွင် အိန္ဒိယ နိုင်ငံရောက် ချင်းလူမျိုးသည် အများဆုံးဖြစ်နေသည်။ ကမ္ဘာတဝှမ်းလုံး ခြံုကြည့်လျှင်လည်း မွေးစရင်း မပါသော ကလေးများသည် သန်းနှင့်ချီပြီး ရှိနေသည်ဟုလည်းဆိုပါသည်။
ထို့အပြင် အတင်းအဓမ္မ ရွှေ့ပြောင်းခံရခြင်း၊ စီးပွားရေး ရင်းနှီးမြုပ်နှံမှုကြောင့် လယ်မြေ သိမ်းဆည်း ခံရခြင်းကြောင့် မြေယာ ဆုံးရှံုးခဲ့ရသည့်အတွက် အသက်မွေးဝမ်းကြောင်း အဆင်မပြေရာက အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရပြီး ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်ခဲ့ရကြောင်း UNHCR က သုံးသပ်ပါသည်။
လက်ရှိ အခြေအနေ၌ ကမ္ဘာပေါ်တွင် ရွှေ့ပြောင်းမှု များပြားလာနေကြောင်း ဤကိစ္စသည် အစိုးရများ အနေနှင့် လေးလေးနက်နက် စဉ်းစားပေးရန် လိုအပ်သလို အစိုးရတိုင်း၌လည်း တာဝန် ရှိကြောင်း တင်ပြသွားပါသည်။
UNHCR အစည်းအဝေးကို ဇွန်လ (၁၁) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပပြီး မြန်မာနိုင်ငံ၏ အဓိကမြန်မာ ကိုယ်စားလှယ်များမှာ ကရင်အမျိုးသမီး အစည်းအရုံး (KWO) မှကညောဖော ၊ ပလောင်အမျိုုးသမီး အဖွဲ့ (PWO) မှ ပိုးညိူင်း ၊ချင်းအမျိုးသမီး အဖွဲ့မှ ချယ်ရီစာ ဟောဝ်ရယ်တို့ ဖြစ်ပါသည်။



