TNLA တပ်ရင်း ၁၁၂ နှင့် အစိုးရ ခလရ ၁၄၅ တို့ ထပ်မံ တိုက်ပွဲဖြစ်

TNLA တပ်ရင်း ၁၁၂ နှင့် အစိုးရ ခလရ ၁၄၅ တို့ ထပ်မံ တိုက်ပွဲဖြစ်
by -
ရွှေဟင်္သာ

တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၁၂ နှင့် ကွန်လုံမြို့ အခြေစိုက် အစိုးရ ခလရ ၁၄၅ တပ်ဖွဲ့တို့ ယနေ့ နံနက် ၅ နာရီခွဲမှ ရ နာရီခွဲ အထိ ၂ နာရီ နီးပါး နမ့်ခမ်း မြို့နယ် ငေါ့ငါးကျေးရွာ အထက်ပိုင်း တွင် ထပ်မံ တိုက််ပွဲဖြစ်ပွား ခဲ့သည်ဟု TNLA တပ်မှူး တစ်ဦးက ဆိုပါသည်။

“ အစိုးရ ခလရ ၁၄၅ တပ်ဖွဲ့ ကတော့ မနက်ပိုင်း ၅ နာရီ ၃၀ ကနေ ရ နာရီ ၃၀ အထိ လက်နက်ကြီး အလုံးပေါင်း ၄၀-၅၀လောက် အထိ TNLA  တပ်ရင်း ၁၁၂ ပြောက်ကျား တပ်စခန်း ရှိတဲ့နေရာတောင်ထိပ်ဆီကို ပစ်ပါတယ်။ ပြီးတော့ လက်နက်ကြီး ပစ်နေတဲ့ အချိန်မှာဘဲ စခန်းကို တက်တိုက်တော့ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန်ကို ဖြစ်သွားခဲ့တယ်။ သူတို့ တက်လို့ မရတော့မှ ပြန်ဆုတ်သွားလို့ ငြိမ်သွားတယ်” ဟု ဆိုပါသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ဓါတ်ပုံ - TNLA)

အသေအပျောက် ရှိနိုင်ပြီး၊ ထိခိုက်မှုများ သဖြင့် ပြန်လည် ဆုတ်ခွာ သွားခြင်း ဖြစ်နိုင်ကြောင်း တိုက်ပွဲသည် စခန်းသိမ်း တိုက်ပွဲဖြစ်သဖြင့် အနီးကပ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အစိုးရ ထိုးစစ်များသည် တဖြည်းဖြည်း စိပ်လာနေပြီး၊ ပြင်းထန် လာနေကြောင်း TNLA တပ်မှူးက ဆိုပါသည်။

TNLA ၁၁၂ တပ်ဖွဲ့နှင့် အစိုးရ ခလရ (၁၄၅) တို့သည် ယမန်နေ့ နေ့လည် ၁၁ နာရီ ခွဲကတည်းကမှ ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီအထိကြိမ် နှစ်ကြိမ် တိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး  အစိုးရဖက်မှ ၄ ဦးသေပြီး အနည်းငယ် ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုပါသည်။

အစိုးရ ခလရ (၁၄၅) တပ်ဖွဲ့သည် နောက်ဆုတ်သွားခြင်း မရှိသေးသဖြင့် ထပ်မံ တိုက်ပွဲဖြစ်ရန် အလားအလာ ရှိနေသည်ဟု ဆိုပါသည်။ ဤကဲ့သို့ တိုက်ပွဲများ ဆက်တိုက် ဖြစ်လာသည့် အခါ ကျေးရွာ မီးရှို့ခြင်း၊ အကြောင်းမဲ့ ပစ်သတ်ခြင်း ဖြစ်ပွား လာမည်ကို ဒေသခံများက စိုးရိမ်နေကြပါသည်။

အစိုးရတပ်များသည် လက်နက်ကြီး အင်အားများ အသုံးပြုပြီး TNLA  တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ပါသည်။ အလားတူ TNLA ဒေသရှိ ကချင် လွတ်လပ်ရေး တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ တပ်ဖွဲ့များကိုလည်း ပြင်းထန်စွာ စစ်ဆင် နေကြောင်း ဆိုပါသည်။

TNLA သည် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားခြင်း မရှိသော ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC ) အဖွဲ့ဝင် ဖြစ်ပါသည်။ ပြီးခဲ့သည့် လပိုင်းတွင် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးရန် ဒေသခံ လွှတ်တော် အမတ်များက ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ပေ။

Most read this week