DKBA ကြီးမှူးသော တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပ

DKBA ကြီးမှူးသော တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲ ကျင်းပ
by -
ရွှေဟင်္သာ

ဒီမိုကရေစီ ကရင် အကျိုးပြု တပ်မတော် (DKBA ) သည် လူထု လူတန်းစား ပေါင်းစုံ ပါ၀င်သော တိုင်းရင်းသား ပေါင်းစုံ သဘောထားအမြင်များ နှီးနှော ဖလှယ်ပွဲ တရပ်ကို ယနေ့ မနက်ပိုင်း၌ ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံစည်းမြိုင် (ကော်သူးမွဲခီး) ကျေးရွာတွင် ကျင်းပခဲ့သည်ဟု DKBA ပြော ခွင့်ရသူ ဗိုလ်မှူး ထွန်းထွန်းက ဆိုပါသည်။

“ ကျနော်တို့ နိုင်ငံမှာ ပြုပြင်ပြောင်းလဲနေတယ် ဆိုပေမဲ့ တိုးတက်မှုတော့ မတွေ့ရသေးပါဘူး။ တဖက်မှာလည်း အချိန်တွေ ကြာလာတာနဲ့အမျှ ကျနော်တို့ရဲ့ ရည်မှန်းထားတဲ့ ဒီမိုကရေစီရေးနဲ့ တိုင်းရင်းသား အခွင့်အရေးအတွက် ကြိုးစားတဲ့ နေရာမှာ နိုင်ငံရေး အဖွဲ့အစည်းတွေဟာ  တဖြည်းဖြည်းနဲ့ ရည်မှန်းချက်တွေ မှေးမှိန်လာနေတာ တွေ့ရပါတယ်” ဟုဆိုပါ သည်။

phophtaw151

ဤသို့ကြောင့် အားနည်း လာနေသော စည်းလုံး ညီညွတ်ရေး အခြေအနေများမှ ပြန်လည် တိုးတက်လာစေရန် ရည်ရွယ်ပြီး ပွင့်ပွင်းလင်းလင်း တိုင်ပင်ဆွေးနွေးပြီး အဖြေရှာကြရန် လိုအပ်သည့်အတွက် ဤနှီးနှောဖလှယ်ပွဲကို ကျင်းပရခြင်း ဖြစ်သည်ဟု ဆိုပါသည်။

DKBA သည် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေးတွင် တတပ်တအား ပါ၀င်လာနိုင်ရန်၊ နှီးနှောဖလှယ်ပွဲများ ကျင်းပပြီး အဖြေရှာ သင့်ကြောင်း၊ ပြည်တွင်း၊ ပြည်ပ ဒီမိုကရေစီ အင်အားစုများ ၊နိုင်ငံရေး ပါတီများ၊ တသီး ပုဂ္ဂလများ၊ ပညာရှင်များ၊ လက်နက်ကိုင် အင်အားစုများနှင့် အစိုးရ ၀န်ထမ်းများပါ မကျန် ပါ၀င်သော နှီးနှော ဖလှယ်ပွဲမျိုးဖြစ် ရန်DKBA မှ တောင်းဆို ခဲ့ခြင်းလည်း ဖြစ်ပါသည်။

နှီးနှောဖလှယ်ပွဲသို့ ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ဘားအံနှင့် နယ်အသီးသီးများမှ ကိုယ်စားလှယ်ပေါင်း (၁၄၀) ကျော် တက်ရောက် ခဲ့ပါသည်။ ယင်းကိုယ်စားလှယ်များသည်၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ ဘာသာရေးအဖွဲ့အစည်း များ၊ တိုင်းရင်းသား တပ်ဖွဲ့များ၊ အစိုးရ၏ အမျိုးသား လွှတ်တော်၊ ပြည့်သူ့ လွှတ်တော် အမတ်များ၊ တပ်ပေါင်းစု အဖွဲ့အစည်းများ၊ မြို့နယ် ဥက္ကဌများ၊ သတင်းနှင့် စာနယ်ဇင်း အဖွဲ့အစည်းများ၊ မြဝတီ၊ ကော့ကရိတ် ၊ကြာအင်း ဆိပ်ကြီး မြို့နယ်များမှ ဒေသ ကိုယ်စားလှယ်များ၊ ၈၈ ကျောင်းသား တပ်မတော်နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး အကျဉ်းသား အဖွဲ့အစည်းများ၊ ပညာရေး၊ ကျန်းမာရေး အဖွဲ့အစည်းများ၊ မြို့မိမြို ့ဖများမှ ဖြစ်သည်ဟု ဆိုပါသည်။

ကိုယ်စားလှယ်များသည် ထင်ထားသည်ထက် များစွာ တက်ရောက် ခဲ့ကြောင်း၊ လူတန်းစား စုံလင်ကြောင်း၊ အထူးသဖြင့် စာနယ်ဇင်း သမားများပါ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း ဆိုပါသည်။   ရက်အကန့်အသတ်မရှိ ဆွေးနွေးသွားရန် ရှိသည်ဟုလည်းဆိုပါသည်။ ၄င်းတို့သည် လက်ရှိနိုင်ငံရေး အခြေအနေမှ ရှေ့ဆက်တိုးပြီး တိုင်းပြည်နှင့် ပြည်သူများအတွက် အကျိုုး ရှိစေမည့် အလားအလာ ကောင်းများနှင့် လုပ်ငန်းစဉ်များကို ဆုံမှတ်အဖြစ် ရှာဖွေဖေါ်ထုတ်သွားကြမည်ဟုလည်းသိရသည်။

DKBA သည် အစိုးရနှင့် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း ကတည်းက အပစ်အခတ် ရပ်စဲခဲ့ပါသည်။ တနည်းအားဖြင့် အပစ်အခတ် ရပ်စဲရေး တခုသာလျှင် သဘော တူထားရာက စစ်ရေးအရ တဖြည်းဖြည်းနှင့် ကြပ်တည်း လာခဲ့ကြောင်း၊ အလားတူ အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသူတိုင်း  ဤအခြေအနေသို့ ဆိုက်လာခဲ့သဖြင့် ငြိမ်းချမ်းရေးကိုပင် ခြိမ်းခြောက်လာ နေကြောင်း ဆိုပါသည်။

“ စစ်ရေးအရ ရှေ့ဆက်သွားလို့မရတဲ့အနေထားပေါ်မှာ ဖြစ်လာတယ်။ အဲဒါတွေကို အခြေခံပြီး သုံးသပ်လိုက်ရင် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ တိုးတက်မှု မရှိသေးဘူးလို့ ဆိုချင်တာ ဖြစ်ပါတယ်။” ဟု ဆိုပါသည်။

ပြည်တွင်းရှိ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းများသည်လည်း  နိုင်ငံတွင်း ရှုပ်ထွေးမှု ရှိနေစေရန် ဖန်တီးထားမှုများကြောင့် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးကို သံသယ ဖြစ်လာနေကြောင်း၊ ဤသို့သော အခြေအနေများကြောင့် ကောင်းမွန်သော အခြေအနေ တစ်ခုကို ရရှိရန် တိုင်းရင်းသား ပေါင်းစုံ ၊ လူတန်းစား ပေါင်းစုံ၊ နိုင်ငံရေး ပါတီ ပေါင်းစုံ နှင့် ပညာရှင်များ အနေဖြင့် ဆုံမှတ် အဖြေတစ်ခု ရရှိရန် ပွင်းပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးပြီး အဖြေထုတ်နိုင်ရန် ကြိုးစားသင့်ပါကြောင်း DKBA မှ အကြံပြုထားသည်။

အစိုးရသည် ၄င်းတို့၏ အတည်ပြုထားသော အခြေခံ ဥပဒေဖြင့် လွှတ်တော်ကို ဖွဲ့စည်းထားပါသည်။ ၄င်းတို့၏ ဆုံမှတ်သည် အရာရာကို ဤလွှတ်တော်မှ တဆင့် ဆွေးနွေးတင်ပြပြီး ဥပဒေများ ပြဌာန်းသွားရန် လိုလားပါသည်။ သို့သော် ဤလွှတ်တော်နှင့် အစိုးရ အတည်ပြုထားသော ဥပဒေကို လက်မခံနိုင်သူများမှာမူ တွေ့ဆုံဆွေးနွေးရမည့် နေရာ မရှိသဖြင့် ဆုံမှတ်ရှာရန် အခက်အခဲဖြစ်နေခဲ့ပါသည်။

ဤသို့ကြောင့် DKBA သည် အားနည်းနေသော ကွက်လပ်တခုကို တတ်နိုင်သမျှ ခွန်အားဖြင့် ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး အဖွဲ့အစည်း များအတွက် နိုင်ငံရေး ဆုံမှတ် ရရှိရန် နှင့် နိုင်ငံအကျိုးကို အကောင်းဖက်မျှော်ကိုးပြီး၊ ၄င်းတို့အခြေခံ ဒေသထံသို့ ဖိတ်ကြားရခြင်း ဖြစ်ပါကြောင်း ရွှေဟင်္သာ သတင်းဌာနအား ထုတ်ဖေါ်ပြောဆိုခဲ့ပါသည်။

Most read this week