ကယားပြည်နယ် ဘောလခဲမြို့တွင် အသစ်တည်ဆောက်နေတဲ့ ပွန်ချောင်းတံတားစီမံကိန်း လုပ်ငန်းခွင်သို့ သွင်းသည့်ကုန်ကြမ်းများအတွက်နဲ့ အလုပ်သမား လုပ်အားခ ပုံမှန်မရလို့ အခက် ကြံုတွေ့နေရ ကြောင်း အလုပ်သမားတွေက ပြောဆိုနေကြပါတယ်။
လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ ဒေသခံတဦးက "ကျွန်တော် တို့ကုန်ကြမ်းသွင်း တဲ့နေရာမှာတော့ ဒေသပေါက်စျေး တော့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၄ လပိုင်းလောက်က လုပ်ထားတာ ခုထိငွေမချေပေးသေးဘူး။ အခက်အခဲဖြစ်တာပေါ့ဗျာ။ လည်ပတ်မှုမရှိဘူးပေ့ါနော်။ သူတို့က လည်းအဆင်ပြေအောင် မလုပ်ပေးနိုင်ဘူး။ ကျောက်လေး နည်းနည်းပုံရင် နားလိုက် အလုပ်ရှိရင်ပြီးတာပဲ။ တစ်ရက်စားဝတ်နေရေး အဆင်ပြေရင် ပြီးတာပဲ ဆိုပြီးလုပ်နေရတာ။ တကယ်တမ်းတော့ စီးပွားမဖြစ်ဘူး။ ငွေရေးကြေးရေးအပိုင်းမှာ ခက်ခဲတာပေါ့နော် ။ နောက်ကမိသားစုဆီကိုလည်း ပို့ချင်တာပေါ့နော်" လို့ ပြောပါတယ်။
၎င်းတံတားမှာ ဘောလခဲမြို့မှ ရွာသစ် သွားတဲ့ ပွန်ချောင်းတံတားဖြစ်ပြီး ယခင်တံတားဟောင်းမှာ ခိုင်ခန့်မှုမရှိတော့ လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ အသစ်တစင်း ထပ်မံတည်ဆောက်နေတဲ့ တံတားဖြစ်ပါတယ်။
တံတားအသစ် တည်ဆောက်နေတဲ့ အလုပ်သမားအများစုမှာ လုပ်ခပုံမှန်မရရှိဘဲ နှောင့်နှေး နေတဲ့အတွက်ကြောင့် စားဝတ်နေရေး မပြေလည်မှု၊ ကြွေးမှီများတင်နေရမှု စတဲ့အခက်ခဲတွေနဲ့ ရင်ဆိုင်နေရ တာဖြစ်လို့ လုပ်အားခကို ပုံမှန်လည်ပတ်နိုင်အောင် ဆောင် ရွက်ပေးနိုင်ဖို့ ဆန္ဒရှိနေကြပါတယ်။
ရပ်ဝေးမှလာရောက်လုပ် ကိုင်နေကြတဲ့အလုပ် သမားတွေမှာလည်း လုပ်အားခမရကြလို့နေရပ်ကို ပြန်သွားကြသူ များ လည်း ရှိပါတယ်။
လုပ်ငန်းခွင်မှ အလုပ်သမားတဦးကလည်း "အဆင်ပြေတဲ့နေရာကို ထွက်သွားကြတာအများကြီး။ အထက်က ငွေမချပေးတာလား ဆိုတာ ကျနော်တို့နဲ့လည်း မဆိုင်တော့မသိဘူးပေါ့နော်။ စားဝတ်နေရေး အဆင်မပြေတာတော့ အမှန်တကယ်ပဲ။ ဒါပေမယ့် လာလုပ်ပေးတာတော့ အတိုင်းမသိ ၀မ်းသာပါတယ်။ အဓိကပြောချင်တာတော့ ငွေစီးဆင်းမှုလည်ပတ် အောင်လုပ်ပေးစေချင်တယ်" လို့ ပြောပါတယ်။
ယခုတည်ဆောက်နေတဲ့ ပွန်ချောင်းတံတားအရှည်မှာ (၃၂၅) ပေရှည်ပြီး ၂၀၁၃ -၂၀၁၄ခုနှစ်အတွင်းအပြီးတည် ဆောက်မည့် တံတားဖြစ်ပါတယ်။



