စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်ခွင့် ပေးရန် EU ကစောင့်ကြည့် လိုဟုဆို

စီးပွားရေး ပိတ်ဆို့မှု ကင်းလွတ်ခွင့် ပေးရန် EU ကစောင့်ကြည့် လိုဟုဆို
by -
ရွှေဟင်္သာ

အဓမ္မလုပ်အားပေးနှင့် ကလေးစစ်သားများ ရှိနေဆဲဖြစ်သော်လည်း တိုက်ဖျက်ရန် လိုလားမှု ရှိလာသည့် အတွက် မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့် ပေးသင့်ကြောင်း နိုင်ငံကြီးများအပါအဝင် တကမ္ဘာလုံးမှ ကိုယ်စားလှယ်များ သဘောတူကြကြောင်း ILO အစည်းအဝေးကို တက်ရောက်နေသည့် မြန်မာနိုင်ငံ အလုပ်သမား ကိုယ်စားလှယ် ဒေါ်သန်းသန်းဌေးက ဆိုပါသည်။

“ EU ကိုယ်စာလှယ်တွေ ကတော့ စောင့်ကြည့်ချင်သေးတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးနဲ့ ကလေးစစ်သားတွေကိစ္စ ရှိနေဆဲဖြစ်လို့ပါဘဲ။ ဒါပေမဲ့ တရုတ်၊ အန္ဒိယ၊ ဂျပန်၊ သြစတြေးလျား၊ အမေရိကန်၊ တောင်ကိုးရီးယားစတဲ့ နိုင်ငံကြီးတွေကတော့ ကင်းလွတ်ခွင့် ပေးသင့်တယ်လို့ ပြောနေကြပါတယ်။ အဆုံး အဖြတ်ကတော့ လာမဲ့သောကြာနေ့မှာမှ ဆုံးဖြတ်ကြမယ်လေ” ဟု ဆိုပါသည်။

မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့မှုမှ ကင်းလွတ်ခွင့်ပေးရန် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ မြို့၌ကျင်းပနေသည့် နှစ်ပတ်လည် ညီလာခံ၌ တင်ပြဆွေးနွေးနေကြခြင်း ဖြစ်ပါသည်။

ILO သည် ၁၉၉၆ ခုနှစ်များ နောက်ပိုင်း၌ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အဓမ္မ လုပ်အားပေးစေခိုင်း မှုများ၊ ပေါ်တာ ဆွဲခြင်းများ၊ လူသား မိုင်းရှင်း ကိရိယာ အဖြစ် အသုံးပြုခြင်းစသည့် တိုင်ကြားမှု များကြောင့် ၂၀၀၀ ခုနှစ်တွင်  စီးပွားရေး ပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့ပါသည်။

ILO သည် မြန်မာ နိုင်ငံအားပြဌာန်းချက်အမှတ် (၂၉) အရ အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ကျူးလွန်မှု ရှိနေသည်ဟု ၁၉၉၉ ခုနှစ်တွင် ILO စုံစမ်း ကျွမ်းကျင် စစ်ဆေးရေး ကော်မရှင်မှ လေ့လာ တွေ့ရှိ ခဲ့ပြီးနောက် ILO အဖွဲ့၏ အရေး ယူမှုဥပဒေ ပုဒ်မ (၃၃) အရ အရေးယူ ခဲ့ခြင်းဖြစ်ပါသည်။

ယင်းဆုံးဖြတ်ချက်ကြောင့် မြန်မာနို်င်ငံအား စီးပွားရေး ရင်းနှီး မြုပ်နှံမှု အားလုံးပိတ်ဆို့ရေး၊ ILO ၏ နည်းစနစ်ပိုင်း ဆိုင်ရာ အကူအညီ ပံ့ပိုးပေးမှု ရပ်ဆိုင်းရေး၊ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှ လွဲ၍ ကျန်သည့် ဆွေးနွေး ပွဲများ တက်ရောက်ခွင့်မပြုရေးကို ပိတ်ပင်ခဲ့ပါသည်။

ILO အစည်းအဝေးသို့ အစိုးရ အလုပ်သမား ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးမြင့်သိန်းနှင့် ဦးမျိုးအောင် တို့လည်း တက်ရောက် ခဲ့ကြပြီး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ် နိုင်ရေးနှင့် အုပ်ချုပ်ရေးယန္တရား ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ လုပ်ဆောင်ချက်များကို တင်ပြခဲ့ကြောင်းဆိုပါသည်။

ယခုနှစ် ILO ညီလာ ခံသို့  မြန်မာ့အလုပ်သမား ကိုယ်စားလှယ်အဖြစ် မြန်မာ နိုင်ငံ တောင်သူ လယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ အဖွဲ့ချုပ် (AFFM)  ဥက္ကဋ္ဌ ဒေါ်သန်းသန်းဌေး ဦးဆောင်ပြီး  အကြံပေး အဖွဲ့ဝင် များအဖြစ် ရန်ကုန်တက္ကသိုလ် ကျောင်းဆရာများ သမဂ္ဂမှ ကိုယ်စားလှယ် ဒေါက်တာ စိုင်းခိုင်မျိုးထွန်းနှင့် မြန်မာနိုင်ငံအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUM) ယခင် (FTUB) အဖွဲ့မှ ဦးသန်းဆွေတို့ တက်ရောက် ခဲ့ပါသည်။

Most read this week